စစ်တွေမြို့တွင် ရဲတပ်ဖွဲ့၏ အနီးကပ်ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ဦး ပွဲချင်းပြီးသေဆုံး၊ တစ်ဦးပြင်းထန်စွာဒဏ်ရာရ
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များက အနီးကပ်ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

စစ်တွေမြို့နယ်၊ မင်းဂံကျေးရွာမှ ဘောဒူဘာကျေးရွာရှိ သင်္ချိုင်းသို့သွားရန် ရိုဟင်ဂျာကျေးရွာများကြားရှိ လယ်ကွင်းများကို ဖြတ်၍ အသစ်ဆောက်လုပ်ထားသည့် ကွန်ကရစ်လမ်းသစ်ပေါ်တွင် ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို အနီးကပ်ပစ်ခတ်မှုကြောင့် တစ်ဦးပွဲချင်းပြီး သေဆုံးပြီး၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ (၂) ရက်နေ့ ည ၉ နာရီခန့်အချိန်တွင် စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာမှ ဦးလူလူယာအပါအဝင် သုံးဦးနှင့် ရာဘာခြံ IDP စခန်းနေ သံထော်လီကျေးရွာမှ အာဘူဆီဒီးခ် တို့ (၄) ဦးသည် ဒူးဝါးမြောင်ကျေးရွာအပြင်ဘက် မင်းဂံရခိုင်ရွာနှင့် တစ်မိုင်ခန့်အကွာ ကွန်ကရစ်လမ်းသစ်ပေါ်ရှိ တံတားအနီးတွင် ထိုင်၍ အချိုရည်များ သောက်သုံးနေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရောက်ရှိလာပြီး "ည ၉ နာရီကျော်နေပြီ၊ ဒီအချိန်မှာ လမ်းပေါ်ထိုင်ပြီ ဘာလုပ်နေတာလဲ" ဟု မေးမြန်းခဲ့သည်။ 

ဦးလူလူယာ အပါအဝင် (၄) ဦး "ဒီအတိုင်းထိုင်ပြီး စကားပြောနေတာ" ဟု ပြန်ဖြေသည့်အခါ ရဲတပ်ဖွဲ့ဝင်များက ဆဲဆိုကြိမ်းမောင်းသဖြင့် အပြန်အလှန် စကားများခဲ့ကြသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များ ထွက်သွားပြီး ခဏအကြာတွင် အဖြူရောင် ကားငယ်တစ်စီးဖြင့် ရဲတပ်ဖွဲ့ (၆) ဦးခန့် ရောက်ရှိလာခဲ့သည်။ 

၎င်းတို့ ရောက်ရှိလာသည်နှင့် ဆဲဆိုကြိမ်းမောင်းပြီး နှစ်ဦးကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်နေသဖြင့် ကျန်သည့် နှစ်ဦး ထွက်ပြေးသွားခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်ပြီးသည်နှင့် ရဲတပ်ဖွဲ့ဝင်များ ကားဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

သက္ကေပြင်ကျေးရွာမှ ဦးလူလူယာ (အသက် ၃၅ နှစ်) သည် လည်ပင်းအောက်ပိုင်းမှ ကျည်ဆံဝင်ပြီး နောက်ဘက်မှ ဖောက်ထွက်သွားကာ ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သံထော်လီရွာသားအာဘူဆီဒီးခ် (အသက် ၂၅ နှစ်) ၏ ဗယ်ဘက်မျက်စိအထက်မှ ကျည်ဆံဝင်ပြီး ဗယ်ဘက်နားရွက်အောက်မှ ကျည်ဆံဖောက်ထွက်သွားသည်။  ၎င်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဒူးဝါးမြောင်ရွာထဲသို့ ပြေးဝင်ပြီး ဖြစ်ပျက်ပုံကို ရွာသားများအား ပြောပြရာ ရွာသားများက သက္ကေပြင်ရွာသို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ထို့နောက် ဦးလူလူယာ၏ မိသားစု၊ ဆွေမျိုးသားချင်းများက သက်ဆိုင်ရာသို့ အကြောင်းကြားပြီး အခင်းဖြစ်ပွားခဲ့သည့် နေရာသို့ သွားရောက်ခဲ့သည်။

ည ၁၀ နာရီခန့်အချိန်တွင် သက်ဆိုင်ရာ ဌာနပေါင်းစုံမှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာပြီး သေဆုံးသူနှင့် ဒဏ်ရာရသူ နှစ်ဦးစလုံးကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ တာဝန်ရှိသူများက ဒဏ်ရာရသူကို အသေးစိတ်မေးမြန်းခဲ့ရာ အဖြူရောင်ကားတစ်စီးဖြင့် ရဲတပ်ဖွဲ့ဝင်များ လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်သူများမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်သည်မှာ သေချာကြောင်း၊ အသေအချာ မြင်တွေ့ကြောင်း၊ မည်သည့်စခန်း၊ မည်သည့်တပ်ရင်းမှ ဖြစ်သည်ကို မသိရှိကြောင်း ထွက်ဆိုခဲ့သည်။ 

သြဂုတ်လ (၃) ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဌာနပေါင်းစုံမှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားခဲ့သည့် နေရာသို့ ထပ်မံသွားရောက်၍ ယင်းနေရာကို ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်း၊ အနီးအနား၌ ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ 

ဒဏ်ရာရရှိသူ အာဘူဆီဒီးခ်သည် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး၊ သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးပြီး နေ့လည် ၁၂ နာရီအချိန်တွင် မိသားစုကို ပြန်လည် အပ်နှံခဲ့သည်။ မိသားစုဝင်များက နေအိမ်သို့ သယ်ဆောင်လာပြီး ညနေပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ 

အခင်းဖြစ်ပွားသည့် နေရာနှင့် မနီးမဝေးတွင် ရဲတပ်ရင်း (၃၆) ရှိပြီး မင်းဂံရွာအဝတွင်လည်း ရဲကင်းစခန်းရှိသည်။ အနီးကပ်ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ စခန်းနှစ်ခုမှ ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။ အများစုက တပ်ရင်း (၃၆) မှ ရဲတပ်ဖွဲ့ဝင်များ ဖြစ်နိုင်သည်ဟု ဆိုကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ