NGO မှ ရွာသားများအတွက် ပေးသည့် အထောက်အပံ့များမှ ကျေးရွာအုပ်မှူး/တာဝန်ခံက ခေါင်းပုံဖြတ်စား
အေးဇော်၊ မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လှဘော်ဇားကျေးရွာအုပ်စုနှင့် ညောင်ချောင်းကျေးရွာအုပ်စုများတွင် NRC နှင့် MHDO တို့က ပူးပေါင်း၍ ရွာသားများအတွက် ပေးအပ်ခဲ့သည့် အထောက်အပံ့များကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ခံများက ခေါင်းပုံဖြတ်စားလိုက်သည်။ 

ဇွန်လ နောက်ဆုံးပတ်တွင် NRC နှင့် MHDO ဝန်ထမ်းများသည် လှဘော်ဇားကျေးရွာအုပ်စုနှင့် ညောင်ချောင်းကျေးရွာအုပ်စုများသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံပြီး၊ ၎င်းတို့အဖွဲ့အစည်းများမှ ရွာသားများအား အထောက်အပံ့များ ပေးအပ်ရန် အစီအစဉ်ရှိကြောင်း၊ သို့သော်လည်း အထောက်အပံ့များကို လုပ်အားခပေးသည့် သဘောဖြင့်သာ ပေးသွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ အိမ်ထောင်စုတိုင်းမှ လူတစ်ဦးစီသည် ကျေးရွာအတွင်း သန့်ရှင်းရေး၊ လမ်းပြုပြင်ရေး စသည်တို့တွင် ရက်ပေါင်း ၂၀ ကြာ အလုပ်လုပ်ရန် လိုကြောင်း၊ ထို့နောက် တစ်ရက်လုပ်အားခ ငွေကျပ် ၁၀၈၀၀ ကျပ်နှုန်းဖြင့် ရက်ပေါင်း ၂၀ အတွက် ၂၁၆၀၀၀ ကျပ်စီ ထုတ်ပေးမည်ဟု ပြောကြားခဲ့သည်။ 

ကျေးရွာအုပ်စုနှစ်ခု ရှိနေသည့် အိမ်ထောင်စုအရေအတွက်ကို မေးမြန်းရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က လှဘော်ဇားကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၆၀၀ စုနှင့် ညောင်ချောင်းကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၂၀၀ စု ရှိကြောင်း ဖြေကြားခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ရွာသားအချို့ကို ခေါ်၍ ရွာအတွင်း လမ်းဘေးဝဲယာရှိ ချုံနွယ်များကို နှစ်ရက်အတွင်း အချိန်ပိုင်း အလုပ်ခိုင်း၍ ခုတ်ဖြတ်ရှင်းလင်းခိုင်းခဲ့သည်။

ဇူလိုင်လ (၁၇) ရက်နေ့တွင် NRC နှင့် MHDO ဝန်ထမ်းများသည် လှဘော်ဇားကျေးရွာအုပ်စုသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က စာရင်းပြုစုထားသည့်အတိုင်း ငွေများကို အိမ်ထောင်စုတစ်စုချင်းအတွက် စာအိတ်များဖြင့် သီးခြားစီ ဝန်ထမ်းများကိုယ်တိုင် ထုတ်ပေးခဲ့သည်။ ငွေထုတ်ယူစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးက ထောက်ခံပေးရသည်။ 

ထိုသို့ ငွေထုတ်ယူစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမာမတ်ကာဆိမ်းနှင့် အဖွဲ့က အိမ်ထောင်စုတစ်စုလျှင် အမျိုးသားနှစ်ဦး၊ သုံးဦး ရှိလျှင် ၎င်းတို့ကို သီးခြားအိမ်ထောင်စုအဖြစ် ဟန်ဆောင်စေပြီး တစ်ဦးလျှင် စာအိတ်တစ်အိတ်စီ ထုတ်ယူစေခဲ့သည်။ ငွေထုတ်ယူပြီးနောက် ၎င်းတို့ မိသားစုအတွက် စာအိတ်တစ်အိတ်သာ ယူခိုင်းပြီး ကျန်သည့် စာအိတ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က သိမ်းယူခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထိုကဲ့သို့ မသမမှုများ ဖြစ်ခဲ့သဖြင့် ကျေးရွာအုပ်စုတွင်းရှိ အိမ်ထောင်စုတစ်ဝက်ခန့်သာ ငွေရရှိခဲ့သည်။ ကျန်သည့်ငွေများသည် အုပ်ချုပ်ရေးမှူး၏ လက်တွင်းသို့ ရောက်ရှိသွားသည်ဟု ဒေသခံများက ပြောသည်။ 

NRC နှင့် MHDO ဝန်ထမ်းများက ငွေထုတ်ပေးရာတွင် ရုံးမှ အိမ်ထောင်စု ၆၀၀ အတွက် ငွေထုတ်ပေးနိုင်ခြင်း မရှိသောကြောင့်ဟုဆိုတာ အိမ်ထောင်စု ၅၀၀ ခန့်အတွက်သာ ငွေထုတ်ပေးခဲ့သည်။ ငွေထည့်ထားသည့် စာအိတ်အချို့ကို ဝန်ထမ်းများက ပြန်လည် ယူဆောင်သွားသည်ကိုလည်း တွေ့ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ 

ရွာအတွင်း တစ်ဝက်ခန့်သာ ထောက်ပံ့ငွေ ရရှိပြီး၊ ကျန်တစ်ဝက်ခန့် မရသဖြင့် ရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။ ဝေဖန်ကြသူများထဲတွင် အရှိန်အဝါရှိသူများကို အုပ်ချုပ်ရေးမှူးက ငွေကျပ် ၅၀၀၀၀ (ငါးသောင်း) စီ ပေး၍ နှုတ်ပိတ်စေခဲ့သည်။ ဆင်းရဲနွမ်းပါးပြီး လူသိနည်းသူများကို ဆူပူကြိမ်းမောင်းသည်။ 

NRC နှင့် MHDO မှ ဝန်ထမ်းများသည် ဇူလိုင်လ (၁၈) ရက်နေ့တွင် ညောင်ချောင်းကျေးရွာသို့ သွားရောက်၍ ကျေးရွာတာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အိမ်ထောင်စု ၂၀၀ အတွက် ငွေထုတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အိမ်ထောင်စု ၁၂၀ စု အတွက်သာ ထုတ်ပေးခဲ့သည်။ 

လှဘော်ဇားကျေးရွာတွင် ငွေထုတ်ပေးသည့်အတိုင်း ကျေးရွာတာဝန်ခံ ဦးအုစ်မာန်၏ ထောက်ခံချက်ဖြင့် ငွေကျပ် ၂၁၆၀၀၀ ပါသည့် စာအိတ်တစ်အိတ်စီ ပေးအပ်ခဲ့သည်။ အိမ်ထောင်စု ၁၂၀ အတွက် ထုတ်ပေးပြီး၊ ကျန်သည့် စာအိတ် ၈၀ ကို ဝန်ထမ်းများက ပြန်လည်ယူဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။ 

ကျေးရွာတာဝန်ခံ ဦးအုစ်မာန်က ငွေရသည့် အိမ်ထောင်စု ၁၂၀ စုထဲမှ ၆၀ စု၏ ငွေများကို သိမ်းယူခဲ့သည်။ ၎င်း၏ ခေါင်းပုံဖြတ်မှုကြောင့် ရွာသားများက ဝေဖန်ပြောဆိုရင်း ပြဿနာတက်မည့် အခြေအနေသို့ ပင်ရောက်ရှိနေသည်။

"ကျေးရွာအုပ်စု နှစ်စုလုံးမှာ အိမ်ထောင်စုတွေ ရှိတဲ့အတိုင်း ငွေထုတ်မပေးဘဲ ဝန်ထမ်းတွေက ပြန်ယူသွားတာ တွေ့ရတယ်။ NGO တွေက ကြိုတင်စာရင်းကောက်တယ်၊ စာရင်းအတိုင်းယူလာတယ်။ ပေးတယ်။ ပိုလို့ ပြန်ယူရတယ်ဆိုတာ မရှိဘူး။ အခုက စာရင်းအတိုင်းမပေးဘဲ ပြန်ယူတယ်ဆိုတော့ သံသယ ဖြစ်မိတယ်" ဟု အခြေအနေကို အနီးကပ်လေ့လာနေသူတစ်ဦးက ပြောသည်။ 

MHDO သည် NRC ၏ အထောက်အပံ့များကို စီမံခန့်ခွဲကြေး ယူ၍ လိုက်လံကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်း ဖြစ်သည်ဟု ဆိုကြသည်။ 

"NGO အများစုက ဘက်ဂျတ်ရဲ့ ၇၅% ကို ဝန်ထမ်းအတွက်သုံးပြီး ကျန်တဲ့ ၂၅% ကို ပြည်သူတွေအတွက် သုံးတယ်။ အဲဒီထဲက ၁၀% ကို ဝန်ထမ်းတွေက လိမ်စားကြတယ်။ ပြည်သူလက်ထဲကို ၁၅% လောက်သာ ရောက်တယ်" ဟု မောင်တောမြို့မှ လူငယ်တစ်ဦးက ဝေဖန်ပြောဆိုသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ