ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၀၆ ဦး နေရပ်သို့ ပြန်လည်ရောက်ရှိ
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ စစ်တွေမြို့မှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည့် စက်လှေတစ်စီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် အနီးတွင် စက်ပျက်သွားခဲ့ပြီး စက်လှေပေါ်တွင် ပါရှိသည့် လှေစီးဒုက္ခသည် ၁၀၆ ဦးကို အစိုးရအစီအစဉ်ဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ရာ နိုဝင်ဘာလ (၂၁) ရက်နေ့၌ နေရပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သံတဲကျေးရွာအနီးတွင် တွေ့ရှိသည့် ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၀၆ ဦးကို မြန်မာရေတပ် သင်္ဘောဖြင့် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် ၁၀းဝဝ အချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သဲချောင်းကျေးရွာသို့ ယူဆောင်လာပြီး ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

၎င်းတို့အားလုံးကို စစ်တွေမြို့၊ သဲချောင်းကျေးရွာရှိ ရဲစစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်လာပြီး NV ကဒ်ပြားများ အတင်းအဓမ္မ ထုတ်ပေးခဲ့သည်။ ထို့နောက် ၁၀၆ ဦးထဲမှ ပေါက်တောမြို့က ၁၄ ဦးကို နေ့လည် ၂းဝဝ ခန့်အချိန်တွင် စက်လှေဖြင့် ပေါက်တောမြို့နယ်သို့ ပြန်လည် ပို့ဆောင်ပြီး ကျန် ၉၂ ဦးကိုလည်း နေ့လည် ၅းဝဝ ခန့်အချိန်တွင် စစ်တွေမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒုက္ခသည်စခန်းခေါင်းဆောင် အသီးသီးထံ ပို့ဆောင် အပ်နှံခဲ့ကြောင်း သဲချောင်းရွာသား တစ်ဦးက ပြောသည်။

စစ်တွေမြို့ ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများနှင့် ကလေးများအပါအဝင် များစွာသော ရိုဟင်ဂျာများသည် ပိတ်လှောင်ခံထားရသည့် ဘဝမှ လွတ်မြောက်ရေးအတွက် ကြုံတွေ့ရမည့် အန္တရာယ်အမျိုးမျိုးကို ဂရုမစိုက်တော့ဘဲ မလေးရှားနိုင်ငံသို့ နည်းအမျိုးမျိုးဖြင့် ထွက်ခွာလျက်ရှိရာ နိုဝင်ဘာလ ပထမပတ် အတွင်း ရိုဟင်ဂျာများ တင်ဆောင်ထားသည့် စက်လှေ ၃ စီးသည် စစ်တွေမြို့ သဲချောင်းကမ်းခြေမှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

နိုဝင်ဘာလ (၂) ရက်နေ့တွင် ရိုဟင်ဂျာ ၅၀ ဦးခန့် တင်ဆောင်ထားသည့် စက်လှေတစ်စီးနှင့် ရိုဟင်ဂျာ ၇၀ ဦးခန့် တင်ဆောင်ထားသည် စက်လှေတစ်စီး၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ရိုဟင်ဂျာ ၁၀၀ ဦးကျော် တင်ဆောင်ထားသည့် စက်လှေတစ်စီး ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့ထဲမှ တစ်စီးကို မြန်မာရေတပ်က ဖမ်းဆီးခဲ့ပြီး နေရပ်သို့ ပြန်လည် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ 

မလေးရှားသို့ စက်လှေများ ထွက်ခွာနေသည်ကို ဒေသအာဏာပိုင်များက သိရှိသော်လည်း ဟန့်တားအရေးယူရမည့် အစား ပွဲစားများထံမှ လာဘ်ငွေရယူ၍ လွှတ်ပေးထားသဖြင့် ပွဲစားများက လူတစ်ဦးလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ပေါ်ပေါ်တင်တင် စုဆောင်းလျက်ရှိသည်ဟု သဲချောင်းရွာသားတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ