NGO မှ အထောက်အပံ့ရရှိသည့် လယ်သမားများကို ကျေးရွာတာဝန်ခံက ခြိမ်းခြောက်ငွေကောက်ခံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လောင်းချောင်းကျေးရွာအုပ်စု၊ ခရုချောင်းကျေးရွာရှိ လယ်သမား ၈၀ ဦးကို ဘူးသီးတောင်မြို့နယ်၌ ရုံးအခြေစိုက်ထားသည့် FAO/PFFAB မှ ဇူလိုင်လ (၁၅) ရက်နေ့တွင် ငွေသားနှင့် Urea ဓါတ်များ ထောက်ပံ့ပေးခဲ့ပြီးနောက် ကျေးရွာတာဝန်ခံက ငွေသား တစ်ဝက်စီကို ကောက်ခံယူခဲ့သည်။ 

ဇူလိုင်လ (၁၅) ရက်နေ့တွင် FAO/PFFAB ရုံးမှ ဝန်ထမ်းများသည် လောင်းချောင်းကျေးရွာအုပ်စု၊ ခရုချောင်းကျေးရွာသို့ ရောက်ရှိလာပြီး လယ်သမား (၈၀) ဦးကို ငွေသား ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကျပ်စီနှင့် Urea ဓါတ် ၅၀ ကီလို တစ်အိတ်စီ ထောက်ပံ့ပေးခဲ့သည်။ ထိုသို့ ထောက်ပံ့ပေးရန် ကျေးရွာတာဝန်ခံက လယ်သမားများ စာရင်းပြုစုပေးခဲ့ပြီး၊ FAO/PFFAB ရုံးမှ ဝန်ထမ်းများ ကိုယ်တိုင် လယ်သမားများကို ပေးအပ်ခဲ့သည်။ 

ယင်းနေ့ ညပိုင်းတွင် ကျေးရွာတာဝန်ခံက ရာအိမ်မှူး ဦးမာမတ်နုရ်ကို ခေါ်ယူ၍ အထောက်အပံ့ရရှိခဲ့သည့် လယ်သမားများထံသို့ သွားရောက်၍ ယနေ့ ရရှိခဲ့သည့် အထောက်အပံ့မျိုး နောက်နောင်လည်း အများအပြားပေးရန် ရှိကြောင်း၊ FAO/PFFAB အပြင် အခြားအဖွဲ့အစည်းများကလည်း ထောက်ပံ့ရန် ရှိကြောင်း၊ နောင်လာမည့် အထောက်အပံ့များကို ရယူလိုပါက ယခုရရှိထားသည့် ငွေကျပ် တစ်သိန်းခွဲမှ တစ်ဝက် ၇၅၀၀၀ ကျပ် ၎င်းကို ပေးရမည် ဖြစ်ကြောင်း၊ မပေးပါက နောက်နောင် မည်သည့်အထောက်အပံ့မှ ရရှိမည် မဟုတ်ကြောင်း၊ ထို့အပြင် ယခုရရှိထားသည့် ငွေကိုလည်း သုံးစွဲနိုင်မှာ မဟုတ်ဘဲ ဒီထက်မက ငွေအမြောက်အမြား ကုန်သွားအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက်၍ လယ်သမားများထံမှ ငွေကျပ် ၇၅၀၀၀ ကျပ်စီ ကောက်ခံယူခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ကျေးရွာတာဝန်ခံ ဖြစ်သူ ဦးဆော်လိမ်က တစ်အိမ်တက်ဆင်း၍ လယ်သမားအားလုံးထံမှ ငွေကျပ် ၇၅၀၀၀ စီ ကောက်ခံယူခဲ့သည်။ စာရင်းပြုစုစဉ် ၎င်း၏ မိသားစုမှ လူ (၄) ဦးကို လယ်သမားများ အဖြစ် စာရင်းတင်သွင်းခဲ့သည်။ တစ်အိမ်တည်းနေ အိမ်ထောင်စုတစ်စုတည်းဖြစ်သော်လည်း ၎င်း၏ ဖခင်၊ ဇနီး၊ ညီဖြစ်သူနှင့် ၎င်းကိုယ်တိုင် လယ်သမားများဟု စာရင်းတင်၍ ထောက်ပံ့ငွေများ ရယူခဲ့သည်။ 

လယ်သမား ၈၀ ဦး၏ စာရင်းပြုစုရာတွင်လည်း အများစုမှာ လယ်သမားမဟုတ်ကြဘဲ ခြိမ်းခြောက်၍ ဝေစုခွဲရယူနိုင်မည့်သူများကို စာရင်းတွင် ထည့်သွင်းခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ