ဘူးသီးတောင်မှ နယ်ထိန်းရဲများက ရိုဟင်ဂျာများကို ခြိမ်းခြောက်ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၁) ရပ်ကွက်တွင် တာဝန်ထမ်းဆောင်နေသည့် နယ်ထိန်းရဲများက ယင်းရပ်ကွက်မှ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် တာဝန်ကျနေသည့် မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်စံသန်းသိန်းသည် နေ့စဉ်နေ့တိုင်း အမှတ် (၁) ရပ်ကွက်သို့ သွားရောက်၍ ရပ်ကွက်တာဝန်ခံ ဦးမာမတ်ရှော်ဘီနှင့် ပူးပေါင်း၍ ရပ်ကွက်အတွင်း အိမ်သစ်ဆောက်လုပ်နေသူများကို ခွဆုံရှိ လဘက်ရည်ဆိုင်သို့ ခေါ်ဆောင်သွားပြီး အိမ်ဆောက်လုပ်ခွင့်များ စစ်ဆေးသည်။ ဆောက်လုပ်ခွင့် ပြနိုင်လျှင်လည်း ဤဆောက်လုပ်ခွင့်သည် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးသည့် ဆောက်လုပ်ခွင့်သာ ဖြစ်ကြောင်း၊ ရဲစခန်းမှ ထုတ်ပေးခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆောက်လုပ်ခွင့်အတွက် ငွေပေးရသကဲ့သို့၊ ရဲစခန်းမှူး၊ မြို့နယ်ရဲမှူး၊ ခရိုင်ရဲမှူး တို့အတွက်လည်း ငွေပေးရမည်ဖြစ်ကြောင်း၊ ၎င်းအား စခန်းမှူး၊ မြို့နယ်မှူး၊ ခရိုင်မှူးတို့က ဤရပ်ကွက်တွင် စစ်ဆေးရန် တာဝန်ပေးထားခြင်း ဖြစ်ကြောင်း၊ ငွေမပေးပါက ဖမ်းဆီးပြီး အရာရှိများထံပို့မည် ဖြစ်ကြောင်း၊ ထောင်ကျမည်ဖြစ်ကြောင်း အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

တပ်ကြပ်စံသန်းသိန်းသည် ယင်းရပ်ကွက်တွင် တာဝန်ကျနေသူဖြစ်၍ ရပ်ကွက်တွင် အကြီးဆုံးဖြစ်ကြောင်း၊ ၎င်းကို ကျော်လွန်၍ မည်သူတစ်ဦးတစ်ယောက်မှ ပြောဆိုခွင့်မရှိဟုလည်း ပြောဆိုသည်ဟု ဒေသခံများက ဆိုကြသည်။ 

အမှတ် (၁) ရပ်ကွက်မှ ရိုဟင်ဂျာများကို ထိုကဲ့သို့ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ဆောက်လုပ်ခွင့်ရယူပြီး အိမ်ဆောက်နေသူနှစ်ဦးထံမှ ငွေကျပ် သိန်း ၃၀ ကျော်ကို ဇွန်လ နောက်ဆုံးပတ်တွင် ညှစ်ယူခဲ့သည်။ ငွေညှစ်ခံရသူများမှ ဦးရှုကူရ် (ငွေကျပ် ၁၅ သိန်း) နှင့် ဦးဆော်လိမ် (ငွေကျပ် ၁၇ သိန်း) တို့ဖြစ်ကြသည်။

ကား၊ ဆိုင်ကယ်၊ အိမ်၊ အိမ်ခြံမြေ စသည့် ဥစ္စာပစ္စည်းများ ရောင်းဝယ်သူများကိုလည်း ဆင့်ခေါ်၍ ခြိမ်းခြောက် ငွေညှစ်လေ့ရှိသည်။ 

နေ့စဉ်နေ့တိုင်း ခွဆုံတွင်စောင့်ဆိုင်း၍ လူများ၏ ဖုန်းများ စစ်ဆေးခြင်း၊ ဆိုင်ကယ်၊ သုံးဘီးတက္ကစီ (CNG)၊ ကား စသည်တို့ကို စစ်ဆေးခြင်း၊ အခြားရပ်ကွက်၊ ကျေးရွာများမှ လာရောက်သူများကို "ဘယ်ကလဲ၊ ဘယ်သွားမလဲ၊ ဘာကိစ္စလဲ" စသည်ဖြင့် မေးမြန်း၍ နှောက်ယှက်ခြင်း၊ ရခိုင်စကား ကောင်းကောင်းမွန်မွန် မပြောနိုင်သူများကို ဆဲဆိုခြင်း၊ ထိုးကြိတ်ခြင်း၊ တစ်ခါတစ်ရံ ငွေများလုယက်ခြင်း စသည်တို့ ပြုလုပ်လေ့ရှိသည်။ 

"အခုလို ဓါးပြတစ်ယောက်လို သောင်းကျန်နေတာကို မြို့မရဲစခန်းက စခန်းမှူးနဲ့ နယ်ထိန်းအဖွဲ့ ခေါင်းဆောင်တို့က တကယ်မသိတာလား၊ ဒါမှမဟုတ် ဝေစုယူပြီး မသိချင်ယောင်ဆောင်နေတာလား၊ တစ်ကြိမ်တစ်ခါလည်း မဟုတ်ဘူး၊ အမြဲလိုလို သောင်းကျန်းနေတာကို မသိဘဲနေပါ့မလား၊ ဝေစုရလို့ ငြိမ်နေတာသာ ဖြစ်လိမ့်မယ်၊ ကျွန်တော်တို့ဘက်ကတော့ ဒီရဲတပ်ကြပ်စံသန်းသိန်းကို အမြဲဆုံး အရေးယူဟန့်တားပေးဖို့ တောင်းဆိုတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ