UEHRD မှ နေအိမ်ဆောက်လုပ်ရန် ထောက်ပံ့ပေးသည့်ငွေများကို မြို့နယ် ဒု-အုပ်ချုပ်ရေးမှူးက ပြန်လည်သိမ်းယူ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၁၇ ခုနှစ်တွင် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာအချို့တွင် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် UEHRD မှ ထောက်ပံ့ပေးသည့် ငွေများကို မြို့နယ် ဒု-အုပ်ချုပ်ရေးမှူးက ပြန်လည် သိမ်းယူခဲ့သည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ဒေသခံအစွန်းရောက်အချို့နှင့် ပူးပေါင်း၍ မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာအားလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် အပြစ်မဲ့ ရိုဟင်ဂျာအရပ်သားများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ဓါးဖြင့်ခုတ်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ အမျိုးသမီးများကို အတင်းအဓမ္မ မုဒိမ်းကျင့်ခြင်း၊ ရွှေ၊ ငွေ ပစ္စည်းဥစ္စာများကို လုယက်ခြင်းတို့ကြောင့် ဒေသခံရိုဟင်ဂျာအများစုသည် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံနေကြရသည်။ 

မီးရှို့ခံရသည့် ကျေးရွာများမှ လူအချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်မပြေးဘဲ မီးရှို့ခြင်းမခံရသည့် ကျေးရွာများတွင် ဆက်လက်နေထိုင်လျက်ရှိသည်။

ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နေအိမ်မီးရှို့ခံရသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်မပြေးဘဲ ဖြစ်သလို နေထိုင်နေသည့် ကျေးရွာအုပ်စု (၅) စုကို ရွေးချယ်၍ UEHRD မှ အိမ်ဆောက်လုပ်ရန် ထောက်ပံ့ကြေးများ ထုတ်ပေးမည်ဟု ကြေညာခဲ့ပြီး၊ စာရင်းများ ကောက်ခံသွားသည်။ ငွေထုတ်ပေးသည့်အခါ ကျေးရွာအုပ်စု (၄) စုတွင်သာ ထုတ်ပေးခဲ့သည်။ 

စာရင်းကောက်ခံသွားခဲ့သည့် ကျေးရွာများမှာ (၁) ကျောက်လှေကားကျေးရွာအုပ်စု သဲချောင်းရွာ (၂) ရွှေဇားကျေးရွာအုပ်စု ဂေါင်ညှာရွာ (၃) ဒု-ညောင်ပင်ကြီးကျေးရွာအုပ်စု မှ တစ်အိမ် (၄) ပဒင်းကျေးရွာအုပ်စုမှ ၃၅ အိမ် နှင့် (၅) ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စုမှ ၄၇ အိမ်တို့ ဖြစ်ကြသည်။ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စုအတွက် ယခုအချိန်ထိ ငွေထုတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ငွေထုတ်ပေးရာတွင် အိမ်ထောင်စုတစ်စုအတွက် ငွေကျပ် ၂၅၂၅၀၀ (နှစ်သိန်းငါးသောင်းနှစ်ထောင့်ငါးရာ) ဟု ပြောခဲ့သော်လည်း တကယ်တမ်း ငွေထုတ်ပေးရာတွင် ပြောခဲ့သည့်အတိုင်း မဟုတ်ဘဲ မိသားစု လူဦးရေနည်းသူများထံမှ ငွေများ ဖြတ်ယူခဲ့သည်။ 

ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ဒု-အုပ်ချုပ်ရေးမှူး၊ မောင်တောခရိုင် လ.ဝ.က၊ မောင်တောခရိုင် စီမံကိန်းရုံး ဦးစီးမှူး၊ အထူးစုံစမ်းစစ်ဆေးရေးမှ တာဝန်ရှိသူ တို့သည် ပဒင်းကျေးရွာအုပ်စုသို့ သွားရောက်၍ မိသားစု ၃၅ စုကို ထောက်ပံ့ကြေး ထုတ်ပေးခဲ့သည်။ ထိုအထဲတွင် ပဒင်းကျေးရွာအုပ်စု ပိုက်သည်ကျေးရွာ မိသားစု ၉ စုလည်း ပါဝင်သည်။

မတ်လ (၉) ရက်နေ့တွင် မောင်တောမြို့နယ်မှ ရိုဟင်ဂျာအချို့ကို စစ်တွေမြို့သို့ ခေါ်ဆောင်သွားပြီး ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက မီဒီယာများနှင့် တွေ့ဆုံပေးပြီး အစိုးရက အလိုကျ ပြောခိုင်းခဲ့သည်။ ထိုအထဲတွင် ပဒင်းကျေးရွာအုပ်စု ပိုက်သည်ရွာမှ ထောက်ပံ့ကြေး ရရှိသူ အချို့လည်း ပါဝင်သည်။ 

မီဒီယာများနှင့် တွေ့ဆုံပြီးနောက် လူပြန်ကယ်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၎င်းတို့နှင့် တွေ့ဆုံပြီး ပဒင်းကျေးရွာအုပ်စု ပိုက်သည်ကျေးရွာ၌ အိမ်ဆောက်လုပ်ရာတွင် ပိုက်သည်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း (မန်းကျည်းချောင်းစခန်း / စခန်း ၁၅) နှင့် ကပ်လျက် မဆောက်လုပ်ရန်နှင့် စခန်းနှင့် ပေ ၁၀၀၀ အကွာတွင် ဆောက်လုပ်ရန် မှာကြားခဲ့သည်။ 

ပိုက်သည်ရွာသားများက စခန်းနှင့် ပေ ၁၀၀၀ ခန့်အကွာတွင် နေအိမ်ဆောက်လုပ်သော်လည်း စခန်းမှ နယ်ခြားစောင့်ရဲများနှင့် မောင်တောမြို့နယ် ထွေအုပ် ဦးစီးဌာနတို့က နေအိမ်ဆောက်လုပ်ခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။ မြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဦးဖြူလှ က နေအိမ်ဆောက်လုပ်နေသူများကို ဆင့်ခေါ်၍ UEHRD မှ ထုတ်ပေးခဲ့သည့် ထောက်ပံ့ကြေးများကို ပြန်လည် သိမ်းယူခဲ့သည်။ မိသားစု ၄ စုထံမှ သိမ်းယူခဲ့ပြီး၊ ကျန်သည့် မိသားစု ၅ စုကို လာရောက်၍ ငွေအပ်နှံရန် အမိန့်ထုတ်ပြန်ထားသည်။ 

ငွေပြန်လည် သိမ်းခံယူရသူ မိသားစု (၄) စု၏ အိမ်ထောင်ဦးစီးများမှာ --

(၁) ဦးရော်ဖိခ် (ငွေကျပ် ၂၅၂၅၀၀)
(၂) ဦးယာကုဖ် (ငွေကျပ် ၁၂၀၅၀၀)
(၃) ဦးဇီယိုရာမာန် (ငွေကျပ် ၂၅၂၅၀၀)
(၄) ဦးဒိလ်ကာယာစ် (ငွေကျပ် ၂၅၂၅၀၀) - တို့ဖြစ်ကြပြီး၊ ငွေပြန်လည် အပ်နှံရမည့်သူများမှာ --

(၁) ဒေါ်နုရ်နာဟာရ် (ငွေကျပ် ၁၂၀၅၀၀)
(၂) ဦးမာမတ်တော်ယုဖ် (ငွေကျပ် ၂၅၂၅၀၀)
(၃) ဦးနုရ်အာလောမ် (ငွေကျပ် ၂၅၂၅၀၀)
(၄) ဦးဂျာဘဲရ် (ငွေကျပ် ၂၅၂၅၀၀)
(၅) ဦးအာဘုလ်ဟာရှိမ်း (ငွေကျပ် ၂၅၂၅၀၀) - တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ