မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာ၏ အစောင့်ထံမှ လူတစ်စုက ရွှေနှင့် ဖုန်းလုယက်
အေးဇော် Rohingya Today


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသည့် ဘူးသီးတောင်မှ လူနာတစ်ဦး၏ အစောင့်ထံမှ ဖုန်းနှင့်ရွှေများကို လူတစ်စုက ရဲတပ်ဖွဲ့ဝင်အဖြစ် ဟန်ဆောင်ကာ လုယက်သွားခဲ့သည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပကျေးရွာမှ ဦးမာမတ်ဟူစိန်းသည် ကျန်းမာရေး အလွန်ဆိုးရွားနေသောကြောင့် ဇူလိုင်လ (၄) ရက်နေ့တွင် ၎င်း၏ ဇနီးနှင့် သားငယ်ဖြစ်သူ မာမတ်ဂျာဘဲရ်တို့က မောင်တောဆေးရုံသို့ ခေါ်ဆောင်လာခဲ့သည်။ မောင်တောဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေစဉ် ဇူလိုင်လ (၆) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် လူ (၅) ဦး ရောက်ရှိလာပြီး NGO အဖွဲ့အစည်းမှ ဝန်ထမ်းများ ဖြစ်သည်ဟု ဆိုခဲ့သည်။ ၎င်းတို့သည် ဝေးလံခေါင်ဖျားမှ လာရောက်၍ ဆေးရုံတက် ဆေးကုသမှုခံယူနေသူများကို ကူညီပေးရန်  ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုကာ၊ လူနာဖြစ်သူ ဦးမာမတ်ဟူစိန်း၏ သားဖြစ်သူ မာမတ်ဂျာဘဲရ် (အသက် ၁၇ နှစ်) ကို ရုံးသို့ လိုက်ခဲ့ရန်ဟု ဆိုကာ ခေါ်ဆောင်သွားခဲ့သည်။ 

မီးစက်ခွဆုံရှိ လဘက်ရည်ဆိုင်တစ်ဆိုင်သို့ ရောက်သည့်အခါ လဘက်ရည်ဆိုင်တွင်ထိုင်ပြီး ကျော်ဇော်ဝင်းဆိုသူက ရဲဖြစ်ကြောင်း၊ ၎င်းနှင့် လိုက်ပါလာသူ (၄) ဦးက ရဲ၏ တပည့်များဖြစ်ကြောင်း ပြောဆိုပြီးနောက် မာမတ်ဂျာဘဲရ်ကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၂၀ တောင်းခံခဲ့သည်။ မာမတ်ဂျာဘဲရ်က ဖခင်ဖြစ်သူထံ ဖုန်းခေါ်၍ ငွေတောင်းခံသည့်အကြောင်းနှင့် ၎င်းတို့ မီးစက်ခွဆုံလဘက်ရည်ဆိုင်၌ ရှိနေသည်ကို ပြောပြခဲ့သည်။ ဖခင်ဖြစ်သူက ဆေးကုသမှုခံယူနေသူ ဖြစ်သောကြောင့် မည်သို့မျှ မတတ်နိုင် ဖြစ်နေချိန်တွင် မာမတ်ဂျာဘဲရ် ငွေတောင်းခံနေသူ (၅) ဦးကို ဆေးကုသရန် လာရောက်ခြင်း ဖြစ်သောကြောင့် ငွေအပိုမပါရှိကြောင်း ပြောဆို တောင်းပန်သော်လည်း ငွေတောင်းခံနေသူ (၅) ဦးက မာမတ်ဂျာဘဲရ် ဝတ်ဆင်ထားသည့် ရွှေလက်စွပ် ဝ.၅ ကျပ်သားနှင့် တန်ဖိုး ငွေကျပ် ၂၅၅၀၀၀ (နှစ်သိန်းငါးသောင်းငါးထောင်ကျပ်) ရှိသည့် real me ဖုန်းတစ်လုံးကို လုယက်ယူခဲ့သည်။ ထို့နောက် ငွေမပေးပါက လွှတ်ပေးမည် မဟုတ်ကြောင်း၊ ချုပ်နှောင်ထားမည် ဖြစ်ကြောင်း ဆက်လက် ခြိမ်းခြောက်ခဲ့သည်။ 

ဆေးရုံတွင် ရှိနေသည့် မာမတ်ဂျာဘဲရ်၏ ဖခင်ဖြစ်သူ ဦးမာမတ်ဟူစိန်းက သားဖြစ်သူကို ဖုန်းခေါ်ရာ မကိုင်သဖြင့် စိုးရိမ်စိတ်ဖြင့် ဆေးရုံမှ ဆရာဝန်ကို တိုင်တန်းခဲ့ရာ ဆရာဝန်က ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက မြို့မအရှေ့ရပ်ကွက် (ရပ်ကွက် ၄) အုပ်ချုပ်ရေးမှူးနှင့် မြို့မတောင်ရပ်ကွက် (ရပ်ကွက် ၂) အုပ်ချုပ်ရေးမှူးတို့ကို ခေါ်၍ မီးစက်ခွဆုံရှိ လဘက်ရည်ဆိုင်သို့ လိုက်သွားရာ လုယက်ငွေတောင်းခံနေသူများက ရဲများကို မြင်ပြီး လက်စွပ်နှင့် ဖုန်းကိုယူ၍ ထွက်ပြေးသွားခဲ့ကြသည်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦးက လုယက်သူများကို သိကျွမ်းနေသောကြောင့် ရွှေလက်စွပ်နှင့် ဖုန်းကို ရအောင် ရှာဖွေယူပေးမည်ဟု မာမတ်ဂျာဘဲရ်ကို ပြောကာ ဆေးရုံသို့ ပြန်ပို့ခဲ့သည်။ 

မာမတ်ဂျာဘဲရ်တို့ သားအဖသည် ဆေးရုံ၌ ဇူလိုင်လ ၉ ရက်နေ့အထိ ဆေးကုသမှုခံယူပြီးနောက် ညနေပိုင်းတွင် ဆေးရုံမှဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကို ၎င်းတို့ အိမ်ပြန်တော့မည် ဖြစ်ကြောင်း၊ ရွှေလက်စွပ်နှင့် ဖုန်းပြန်မရသေးကြောင်း ပြောဆိုသောအခါ အုပ်ချုပ်ရေးမှူးများက ၎င်းတို့ ရအောင်ရှာယူပြီး အကြောင်းကြားမည်ဟု ပြောကြားခဲ့သည်။ 

ဦးမာမတ်ဟူစိန်းနှင့် သားဖြစ်သူ မာမတ်ဂျာဘဲရ်တို့သည် အုပ်ချုပ်ရေးမှူးနှစ်ဦး၏ စကားကိုယုံကြည်ပြီး နေအိမ်သို့ ပြန်လာခဲ့သော်လည်း ယခုအချိန်ထိ ရွှေလက်စွပ်နှင့် ဖုန်း ပြန်ရခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ရွှေလက်စွပ်နှင့် ဖုန်းကို လုယက်သူများမှာ မြို့မအရှေ့ရပ်ကွက်မှ ကျော်ဇော်ဝင်း၊ မြို့မတောင်ရပ်ကွက်မှ အီနုစ်၊ ရှောမ်ရှုအာလောမ်၊ အဒူရာမန်နှင့် အမည်မသိသူတစ်ဦး တို့ဖြစ်ကြသည်။ မောင်တောဆေးရုံ၌ ယခုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ကြိမ်တစ်ခါမှ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘဲ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ