ဘူးသီးတောင်၊ ကံ့ကော်မြိုင် န.တ.လ ရွာသားများက ရိုဟင်ဂျာများ၏ ဆိတ်၊ ကြက်များ ဖမ်းယူသွား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် ဖုရားပြင်အောင်ပကျေးရွာအုပ်စု၊ ကံ့ကော်မြိုင် န.တ.လ ရွာမှ ရွာသားများက ရိုဟင်ဂျာများ၏ ဆိတ်၊ ကြက်၊ ဘဲ၊ ခို၊ ဆိတ်များကို လယ်ကွင်းများမှ ဖမ်းယူသွားသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပကျေးရွာအုပ်စုရှိ ရိုဟင်ဂျာပိုင်လယ်မြေအားလုံးကို အစိုးရမှ သိမ်းယူပြီး၊ ကံကော်မြိုင် န.တ.လ ရွာသားများကို ခွဲဝေပေးခဲ့သည်။ န.တ.လ ရွာသားများသည် ထိုလယ်မြေများကို လုပ်ကိုင်တတ်သူများ မဟုတ်သောကြောင့် လယ်မြေများကို မူရင်း ပိုင်ရှင် ရိုဟင်ဂျာများအား ပြန်လည်ငှားရမ်းလေ့ရှိသည်။ ရိုဟင်ဂျာများကလည်း လယ်မြေများ ဆုံးရှုံးပြီးနောက် အလုပ်လက်မဲ့ဖြစ်နေသောကြောင့် စားဝတ်နေရေးခက်ခဲမှုကြောင့် မိမိတို့ ပိုင်ဆိုင်ခဲ့သည့် လယ်မြေများကို ပြန်လည်ငှားရမ်းယူပြီး လုပ်ကိုင်စားသောက်ကြသည်။ 

ယခုအခါ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် မြန်မာစစ်တပ်နှင့် အေအေတို့အကြား တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသောကြောင့် ရိုဟင်ဂျာများသည် လယ်ကွင်းများသို့ သွားရောက်၍ လယ်ထွန်ရန် အခက်အခဲရှိခြင်း၊ စိုက်ခင်းများ စောင့်ရှောက်ရန် အခက်အခဲရှိနေခြင်း တို့ကြောင့် လယ်မြေများ ငှားရမ်းလုပ်ကိုင်ခြင်းကို ရပ်တန့်ထားသည်။ န.တ.လ ရွာသားများက လယ်မြေများကို လုပ်ကိုင်တတ်သူမဟုတ်ဘဲ၊ ငှားရမ်း၍ စားသောက်နေသူများသာ ဖြစ်သောကြောင့် လယ်မြေများငှားရမ်း လုပ်ကိုင်ခြင်း ရပ်တန့်ထားသည့် ရိုဟင်ဂျာများကို ရန်ရှာခြင်းများ မကြာခဏ ပြုလုပ်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

န.တ.လ ရွာသားများသည် ရိုဟင်ဂျာရွာများနှင့် ကပ်လျက်ရှိသည့် လယ်ကွက်များတွင်သာ ထွန်ယက်စိုက်ပျိုးပြီး၊ ယင်းလယ်ကွက်များသို့ ရိုဟင်ဂျာများ၏ ကြက်များ၊ ခိုများ သွားလျှင် လေးခွဖြင့် ပစ်၍ ဖမ်းယူစားသောက်လျက်ရှိသည်။ ဆိတ်များသွားလျှင်လည်း ဖမ်းယူသွားပြီး ငွေညှစ်နေသည်ဟု ဒေသခံများက ဆိုကြသည်။ ၎င်းတို့စိုက်ပျိုးနေသည့် လယ်ကွက်ထဲသို့တင်မဟုတ်ဘဲ ထွန်ယက်စိုက်ပျိုးခြင်း မရှိသည့် လယ်ကွက်ထဲသို့ ရောက်သည့် တိရစ္ဆာန်များကိုလည်း ဖမ်းယူသွားသည်။ 

ထိုသို့ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် တိရစ္ဆာန်များကို ဖမ်းယူသွားခြင်းကြောင့် ပြဿနာများ ဖြစ်ပွားလျက်ရှိသည်။ ယခုလ (၁၀) ရက်နေ့တွင် ကံ့ကော်မြိုင် န.တ.လ ရွာမှ ရွှေမောင်ဆိုသူသည် ဖုရားပြင်အောင်ပကျေးရွာအုပ်စု၊ အကွက် (၂) မှ အာဘူတာလဲခ်၏ ဆိတ် (၈) ကောင်ကို ထွန်ယက်စိုက်ပျိုးခြင်းမရှိသည့် လယ်ကွက်များ၌ ကျက်စားနေစဉ် ဖမ်းဆီးယူသွားခဲ့သည်။ ဆိတ်ပိုင်ရှင်ဖြစ်သူက ဆိတ်များကို ပြန်လိုက်တောင်းသောအခါ အကြောင်းမပြနိုင်သည့်အဆုံး ဆိတ်များကြောင့် ၎င်း၏ ဖုန်းရေထဲသို့ကျ၍ ပျက်စီးသွားဟု အကြောင်းပြကာ ငွေကျပ် ၁၅၀၀၀ အတင်းအဓမ္မ ယူခဲ့သည်။

"ကြက်၊ ဘဲ၊ ခိုတွေ ဖမ်းယူသွားတာ တော်တော်များနေပြီ၊ ဆိတ်ယူသွားပြီရင် ငွေညှစ်တယ်။ ကြက်၊ ဘဲ၊ ခိုတွေကို လေးခွနဲ့ ပစ်ပြီး ဖမ်းတယ်။ အခုလို နေ့စဉ်နေ့တိုင်း ဖြစ်နေတော့ တစ်နေ့တော့ ပြဿနာတွေ အကြီးအကျယ် ဖြစ်လာမှာစိုးရိမ်ရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။  


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ