မင်းပြား၊ နာဂရပေါက်တောကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦး အသတ်ခံရ
ခင်မောင်နိုင် Rohingya Today

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် နာဂရကျေးရွာအုပ်စု၊ နာဂရပေါက်တောကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦးကို မျက်နှာဖုံးတပ်ထားသည့် လူ ၆ ဦးက ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ 

မင်းပြားမြို့နယ် နာဂရကျေးရွာအုပ်စု၊ နာဂရပေါက်တောကျေးရွာမှ မာမတ်ဆာဒဲခ် (ဘ) ဦးအီမာန်ဟူစိန်းသည် ဇူလိုင်လ (၁၂) ရက်နေ့ နံနက် ၇ နာရီခန့်အချိန်တွင် နာဂရပေါက်တောကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ လက်မတောင်တန်းအနီးရှိ ၎င်း၏ လယ်ကွင်းသို့ သွားရောက်၍ လယ်ထွန်နေခဲ့သည်။ 

နံနက် ၉ နာရီအချိန်တွင် မျက်နှာဖုံးတပ်ထားသည့် လူ ၆ ဦးသည် တောင်တန်းကို ကျော်၍ ရောက်ရှိလာပြီး မာမတ်ဆာဒဲခ်ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်သတ်ဖြတ်ပြီး အလောင်းကို လက်မချောင်းကမ်းစပ်တွင် ပစ်ချ၍ တောင်တန်းထဲသို့ ပြေးဝင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

နံနက် ၉း၃၀ နာရီကျော်တွင် မာမတ်ဆာဒဲခ်၏ ဖခင်ဖြစ်သူ ဦးအီမာန်ဟူစိန်းသည် သားဖြစ်သူအတွက် ထမင်းလာပို့ရာ သားဖြစ်သူကို မတွေ့သဖြင့် လိုက်လံရှာဖွေရာ လက်မချောင်းကမ်းစပ်တွင် ရင်ဘတ်နှင့် မျက်နှာတို့တွင် ထိုးကြိတ်ဒဏ်ရာများ၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ 

မာမတ်ဆာဒဲခ်ကို ထိုးကြိတ်သတ်ဖြတ်နေသည်ကို ခပ်လှမ်းလှမ်းမှ လယ်ထွန်နေသည့် လယ်သမားများက မြင်တွေ့ခဲ့ပြီး၊ ၎င်းကို သတ်ဖြတ်သွားသူများမှာ ရခိုင်လူမျိုးများ ဖြစ်သည် ဆိုကြသည်။ 

ဖခင်ဖြစ်သူ ဦးအီမာန်ဟူစိန်းက ရွာသို့ဖုန်းဆက် အကြောင်းကြားပြီးနောက် ရွာမှ လူငယ်များက ရောက်ရှိလာပြီး အလောင်းကို နေအိမ်သို့ သယ်ဆောင်သွားခဲ့သည်။ ရပ်မိရပ်ဖများက မင်းပြားမြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

မင်းပြားမြို့နယ် နယ်ပိုင်းရှိ ရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ်မှစ၍ မင်းပြားမြို့ပေါ်သို့ သွားရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး၊ အစိုးရအာဏာပိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြန်မာစစ်တပ်နှင့် အေအေတို့ တိုက်ပွဲများ စတင်ဖြစ်ပွားသည့် ၂၀၁၉ ခုနှစ်မှစ၍ မင်းပြားမြို့နယ် နယ်ပိုင်းသို့ မသွားလာတော့သောကြောင့် လူသတ်မှုနှင့် ပတ်သက်၍ တိုင်တန်းသော်လည်း လာရောက်စစ်ဆေးခြင်း၊ တရားခံများကို ရှာဖွေ ဖမ်းဆီးခြင်းများ မပြုလုပ်နိုင်ဟု ဒေသခံများက ပြောပါသည်။ 

မာမတ်ဆာဒဲခ်၏ ရုပ်အလောင်းကို ဇူလိုင်လ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ 

၂၀၁၂ ခုနှစ်မှစ၍ ရခိုင်ပြည်နယ် အနှံ့အပြား နယ်ပိုင်းရှိ ရိုဟင်ဂျာများသည် မြို့ပေါ်သို့ သွားလာခွင့် ပိတ်ပင်ခံခဲ့ရပြီး၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော် စသည်မြို့နယ်များတွင် မကြာခဏ သတ်ဖြတ်ခြင်းကို ခံနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ