ဘူးသီးတောင် အခြေစိုက် တပ်ရင်း ၅၅၁ က ရိုဟင်ဂျာများ၏ လယ်မြေသိမ်းယူပြီး ရိုဟင်ဂျာများကို အတင်းအဓမ္မခိုင်းစေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၅၅၁ က ရိုဟင်ဂျာများထံမှ သိမ်းယူထားသည့် လယ်မြေများတွင် ရိုဟင်ဂျာများကို အတင်းအဓမ္မ ထွန်ယက်ခိုင်းလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်းတွင် အခြေစိုက်သည့် တပ်ရင်း ၅၅၁ မှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေများကို သိမ်းယူပြီး စိုက်ပျိုးလျက်ရှိသည်။ ယခုအခါ ယင်းလယ်မြေများတွင် ရိုဟင်ဂျာများက ထွန်ယက်စိုက်ပျိုးပေးရမည်ဟု တပ်ရင်းမှူးကိုယ်တိုင် အမိန့်ထုတ်ပြန်ထားသည်။ 

ဇွန်လ အလယ်ပိုင်းတွင် တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူးက ပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု ၇ စုမှ အုပ်ချုပ်ရေးအဖွဲ့များကို ဆင့်ခေါ်၍ ကျေးရွာအုပ်စုတစ်စုလျှင် လယ်မြေ ၄ ဧကစီ ထွန်ယက် စိုက်ပျိုးပေးရမည်ဟု အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထိုကဲ့သို့ အမိန့်ထုတ်ပြန်ထားသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လယ်သမားမဟုတ်သည့် အိမ်ထောင်စုများမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀၀၀ စီ ကောက်ခံပြီး ရွာများရှိ လယ်သမားများကို ထွန်ယက်စိုက်ပျိုးခိုင်းထားသည်ဟု ဒေသခံများက ဆိုကြသည်။ 

"ငွေကောက်လို့ ရတာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သုံးလိုက်ကြတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ကတော့ ထွန်ယက်စိုက်ပျိုးနေတဲ့ လယ်သမားတစ်ချို့ကို လုပ်ခဆိုပြီး နည်းနည်းပါးပါး ပေးတာတော့ရှိတယ်။ ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ လုပ်ခ လုံး၀ မပေးဘဲ၊ အတင်းအဓမ္မ ခိုင်းတာမျိုးဘဲ လုပ်ကြတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ကျေးရွာအုပ်စုများအတွင်းရှိ ရိုဟင်ဂျာများကိုသာ အတင်းအဓမ္မခိုင်းစေပြီး၊ အခြားသော လူမျိုးများကို ခိုင်းစေခြင်း မရှိဟု သိရသည်။ ငွေကောက်ခံရာတွင်လည်း ရိုဟင်ဂျာများထံမှသာ ကောက်ခံပြီး အခြားလူမျိုးများထံမှ ကောက်ခံခြင်း မရှိပေ။

တပ်ရင်း ၅၅၁ ၏ အတင်းအဓမ္မ ခိုင်းစေခြင်းကို ခံနေရသည့် ကျေးရွာများမှာ - (၁) ရွက်ညိုတောင်ကျေးရွာအုပ်စု၊ (၂) ဦးလှဖေကျေးရွာအုပ်စု၊ (၃) ဒပြုချောင်းကျေးရွာအုပ်စု၊ (၄) ဝရကျွန်းကျေးရွာအုပ်စု၊ (၅) ကင်းတောင်ကျေးရွာအုပ်စု၊ (၆) ဖုံညိုလိပ်ကျေးရွာအုပ်စုနှင့် (၇) သရက်ပြင်ကျေးရွာအုပ်စု တို့ဖြစ်ကြသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးများက တပ်ရင်းနှင့် တပ်မတို့မှ အတင်းအဓမ္မခိုင်းစေလျှင် ငွေကောက်ခံရန် အခွင့်အလမ်းပေါ်လာသည့်အတွက် ယခုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများ ဖြစ်ပေါ်နေသည်ကို အားပေးကြသည်ဟု ဒေသခံများက ပြောသည်။ လုပ်အားခပေးရန် ငွေတစ်သိန်းလိုလျှင် ငွေ ဆယ်သိန်းမက ကောက်ခံရန် အခွင့်အလမ်း ရသောကြောင့် ရွာသူရွာသားများ၏ ဒုက္ခကို မငှဲ့ကွက်ဘဲ စစ်သားများ၏ ခိုင်းစေမှုကို အလျင်အမြန် အကောင်အထည်ဖော်ပေးရန် ကြိုးစားကြသည်။ 

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် အေအေတို့အကြား တိုက်ပွဲဖြစ်နေသည်က တစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ ဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့် စားဝတ်နေရေး ဒုက္ခရောက်နေချိန်တွင် တပ်ရင်း ၅၅၁ မှ အတင်းအဓမ္မလုပ်အားပေးခိုင်းသည့် ဒဏ်ကို ခံစားနေကြရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ