အိမ်ဆောက်လုပ်ခွင့်ပါမစ်ဖြင့် အိမ်ဆောက်လုပ်သူများထံမှ ဘူးသီးတောင် ညောင်ချောင်း နယ်မြေရဲမှူးက ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်းနယ်မြေစခန်းတွင် တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲတပ်ခွဲ - ၈ မှ ရဲမှူးစိုးခိုင်က ညောင်ချောင်းနယ်မြေတွင်းရှိ ကျေးရွာများမှ အိမ်ဆောက်လုပ်နေသူများကို ဆင့်ခေါ်၍ အပြစ်မရှိ အပြစ်ရှာ ခြိမ်းခြောက် ငွေညှစ်ခဲ့သည်။

ရဲမှူးစိုးခိုင်သည် ဇွန်လ ဒုတိယအပတ်မှစ၍ ညောင်ချောင်းနယ်မြေပိုင် ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့များကို ဆင့်ခေါ်၍ ကျေးရွာများတွင် နေအိမ်အသစ်များ ဆောက်လုပ်နေသူများကို နယ်မြေစခန်းသို့ ခေါ်လာရန် အမိန့်ပေးခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က နေအိမ်ဆောက်လုပ်နေသူများကို ခေါ်သွားသည့်အခါ ရဲမှူးစိုးခိုင်က ဆောက်လုပ်ခွင့်ပါမစ်များ ပြသခိုင်းခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ရယူထားသည့် ဆောက်လုပ်ခွင့်များကို ပြသသည့်အခါ ရဲမှူးက "မင်းတို့အိမ်တွေက ဆောက်လုပ်ခွင့်အတိုင်း ဆောက်နေတာ မဟုတ်ဘဲ၊ အတိုင်းအတာ ကျော်လွန်တယ်" စသည်ဖြင့် မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြောဆိုသည့်အပြင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ တစ်အိမ်လျှင် ငွေကျပ် ၅ သောင်း မှ တစ်သိန်းထိ ပေးရမည်ဟုဆိုကာ အတင်းအဓမ္မ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

"ညောင်ချောင်းနယ်မြေပိုင် ရွာ ၂၂ ရွာလုံးက အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အိမ်ဆောက်နေသူတွေကို ခေါ်တယ်။ ၂၂ ရွာက လူ ၂၀၀ လောက် ငွေညှစ်ခံရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

"ရဲမှူးစိုးခိုင်က လူတွေဆီက ငွေညှစ်ရုံတင်မဟုတ်ဘူး။ လူတွေကို မေ-ိုးကုလား၊ မေ-ိုးခိုးဝင်ဘင်္ဂလီ၊ မင်းတို့ ငါတို့ တိုင်းပြည်မှာနေရင် ငါတို့ခိုင်းတာ လုပ်ရမယ်၊ ငါတို့ပြောသလိုနေရမယ်၊ မဟုတ်ရင် ခုချက်ချင်းထွက်သွား၊ အဲလိုတွေ မိုက်မိုက်ရိုင်းရိုင်းပြောပြီး စော်ကားဆဲဆိုတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။ 

အမိုးပွင့်အကျဉ်းထောင်ထဲတွင် နေရသကဲ့သို့ နေထိုင်နေရသည့် ရိုဟင်ဂျာများသည် မည်သို့ပင် သေးငယ်သည့် အလုပ်မျိုးဖြစ်စေ အာဏာပိုင်များ၏ ခွင့်ပြုချက် ယူကိုယူရသည်။ 

ယခုညောင်ချောင်း နယ်မြေစခန်းတွင် အိမ်ဆောက်လုပ်နေသူများသည် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြုချက်ရယူပြီး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အိမ်မဆောက်လုပ်မီ ခွင့်ပြုချက်စာကို မိတ္တူကူး၍ နယ်မြေစခန်းသို့ ပို့ထားခဲ့သည်။ နယ်မြေစခန်းက အိမ်များဆောက်လုပ်ပြီးသည်နှင့် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခြင်း ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ