ဘူးသီးတောင်မှ ရိုဟင်ဂျာ ကျောင်းဆရာများ သင်ရိုးသစ်သင်တန်းတက်ခွင့် ပိတ်ပင်ခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သင်ရိုးသစ် သင်တန်းဖွင့်လှစ် ပို့ချလျက်ရှိသော်လည်း ရိုဟင်ဂျာလူမျိုး ကျောင်းဆရာများကို သင်တန်းတက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် ပညာရေးစနစ်ပြောင်းလဲရာတွင် သင်ရိုးညွှန်းတမ်းများကို တစ်နှစ်လျှင် တစ်တန်းကျစီ ပြောင်းလဲလျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် Grade Six ကို ပြောင်းလဲခဲ့ပြီး၊ ယခု ၂၀၂၀ ခုနှစ်တွင် Grade Four နှင့် Grade Seven ကို ပြောင်းလဲခဲ့သည်။ သို့ဖြစ်၍ ကျောင်းဆရာ၊ ဆရာမများကို သင်ရိုးညွှန်းတမ်းနှင့် အညီ သင်တန်းပို့ချပေးလျက်ရှိသည်။ သင်တန်းများကို မြို့နယ်ပညာရေးမှူးရုံးများမှ မြို့နယ်အလိုက် စီစဉ်ပို့ချနေခြင်း ဖြစ်သည်။

ဇွန်လ (၁၅) ရက်နေ့တွင် Grade Four သတင်တန်းကို စတင်ပို့ချခဲ့သည်။ ဘူးသီးတောင်မြို့နယ်တွင် ဇွန်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ လူမျိုးဘာသာပေါင်းစုံမှ ဆရာ၊ ဆရာများ တက်ရောက်နိုင်ခဲ့သော်လည်း ဇွန်လ (၁၈) ရက်နေ့တွင် သင်တန်းတက်ရန်ရောက်ရှိလာသည့် ရိုဟင်ဂျာလူမျိုး ကျောင်းဆရာများကို မြို့နယ်ပညာရေးမှူးရုံးမှ တားမြစ်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

သင်တန်းတက်ရောက်ရန် ရောက်ရှိလာသည့် ရိုဟင်ဂျာလူမျိုး ကျောင်းဆရာများကို မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများက "မင်းတို့ သင်တန်းတက်စရာမလိုဘူး။ အိမ်ပြန်လို့ရပြီ၊ မင်းတို့ သင်တန်းမတက်ရရင်လည်း မင်းတို့ကို သင်တန်းအသုံးစရိတ်တွေ ပေးသွားမယ်" ဟု ပြောဆို၍ အိမ်ပြန်ခိုင်းခဲ့သည်။ ဗုဒ္ဓဘာသာဝင် ဆရာ၊ ဆရာမများကို ဆက်လက်၍ သင်တန်းပို့ချခဲ့သည်။ 

"ရိုဟင်ဂျာလူမျိုး ဆရာတွေက သင်တန်းအသုံးစရိတ် ၂၀၀၀/၃၀၀၀ ကို မက်ပြီး သင်တန်းတက်သလို ဖြစ်နေတယ်။ အခုလို ရိုဟင်ဂျာဆရာတွေကိုချည်း ပိတ်ပင်တာက ဘူးသီးတောင်မှာ ရိုဟင်ဂျာလူမျိုးဆီက ကိုရိုနာဗိုင်းရပ်စ်တွေ့လို့ ရခိုင်ဆရာ၊ ဆရာမတွေက ပိုးကူးမှာကို ကြောက်ပြီး ကန့်ကွက်ထားလို့ ဖြစ်တယ်လို့ ဆိုတယ်။ ရောဂါပိုးတွေ့တာ နှစ်ယောက်၊ သုံးယောက် အခု သူတို့လုပ်တဲ့ပုံစံက လူမျိုးစုတစ်စုလုံး ရောဂါဖြစ်နေသလိုမျိုး ဖြစ်နေတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

"သင်တန်းတက်နေတဲ့ ဆရာ၊ ဆရာမတွေက နေ့လည်အားလပ်ချိန်မှာ သင်တန်းခန်းမကနေ ထွက်ပြီး ကျောင်းရှေ့က ရိုဟင်ဂျာ စားသောက်ဆိုင်တွေမှာ စားသောက်ကြတယ်။ အဲဒီမှာကျတော့ ရောဂါကူးမှာ မကြောက်ကြဘူးလား။ ရောဂါက သင်တန်းခန်းမမှာဘဲ ကူးတာလား၊ အဲဒီမှာပဲ ကြောက်ရတာလား" ဟု ၎င်းက ဆက်လက်ပြောသည်။ 

ဇွန်လ (၂၂) ရက်နေ့တွင် Grade Seven သင်တန်းစတင်ပို့ချခဲ့ရာ ရိုဟင်ဂျာဆရာများကို တက်ရောက်ခွင့် ပေးခဲ့သည်။ အလယ်တန်းဖြစ်သောကြောင့် မူလွန်ကျောင်းအုပ်ကြီးများနှင့် အလယ်တန်းပြဆရာများသာ တက်ရောက်ခွင့်ရသည်။ 

အခြားမြို့နယ်များတွင် ရိုဟင်ဂျာလူမျိုး ကျောင်းဆရာများ သင်တန်းတက်ရောက်ခွင့်ရခဲ့ပြီး၊ ဘူးသီးတောင်မြို့နယ်တစ်ခုတည်းတွင် လူမျိုးခွဲခြား၍ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ