ဘူးသီးတောင်၊ ပြိုင်းတောင်၌ လက်နက်ကြီးကျပြီး နို့စို့ကလေးတစ်ဦးသေဆုံး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ပြိုင်းတောင် (ဇင်းခါမ) ကျေးရွာအုပ်စု၊ အဇာလာရွာတွင် လက်နက်ကြီး ကျည်ဆံကျရောက်ပြီး နို့စို့ကလေးတစ်ဦးသေဆုံးပြီး ကလေး၏ ဖခင်လည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ 

ဇွန်လ (၂၅) ရက်နေ့ ည ၇ နာရီအချိန်တွင် ပြိုင်းတောင်ကျေးရွာအုပ်စု၊ အဇာလာရွာမှ ဦးမာမတ်အီနုစ် (ဘ) ဦးဒေါလိလ်အူရာမန် (အသက် ၂၇ နှစ်) သည် ၁၁ လအရွယ်သားငယ်ကို ချီ၍ ၎င်း၏နေအိမ်ထဲတွင် ထိုင်နေစဉ် ရုတ်တရက် လက်နက်ကြီးကျည်ဆံတစ်ခု ထိမှန်ပြီး ချီထားသည့် ကလေးငယ် မိုဟာမတ်နူးရ်သည် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ၎င်းလည်း ပြင်းထန်စွာဒဏ်ရာရရှိပြီး သတိလစ်သွားသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ညအချိန်ဖြစ်နေသဖြင့် သတိလစ်သွားသည့် ဦးမာမတ်အီနုစ်ကို ဘူးသီးတောင်ဆေးရုံသို့ မပို့ဆောင်နိုင်သောကြောင့် ဒဏ်ရာများဖြင့် နေအိမ်တွင် ရှိနေသေးသည်ဟု ဒေသခံများက ဆိုသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် မိုးရာသီ၌ လမ်းများ မကောင်းသည်က တစ်ကြောင်း၊ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်က တစ်ကြောင်း၊ စသည်တို့ကြောင့် ညအချိန်တွင် ရွာပြင်ပသို့ သွားခွင့် ပိတ်ပင်ထားသည်။

လက်နက်ကြီးကို မည်သည့်အဖွဲ့က ပစ်ခတ်လိုက်သည်ကို တိတိကျကျ မသိရသေးကြောင်း၊ သို့သော်လည်း လက်နက်ကြီးကျည်ဆံသည် ပြိုင်းတောင်ကျေးရွာ၏ အရှေ့ဘက်မှ ရောက်လာသည်ကို ကြည့်ခြင်း အားဖြင့် ခွဆုံကျေးရွာအနီး မယူမြစ် (မေယုမြစ်) ရှိ ရေတပ်မှ ပစ်ခတ်သည့် လက်နက်ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ 

ဇွန်လ (၂၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၌ တိုက်ပွဲတစ်စုံစတ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ရုတ်တရက်လက်နက်ကြီးကျည်ဆံ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မြန်မာစစ်တပ်မှ အကြောင်းမဲ့ ပစ်ခတ်သော လက်နက်ကြီးများထိ၍ ရိုဟင်ဂျာ အမြောက်အမြားသေဆုံးခြင်း ဒဏ်ရာရခြင်းများရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ