ဘူးသီးတောင်၊ ဦးလှဖေရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက စစ်ဆေးပြီးနောက် အိမ်ထောင်စုစာရင်းတစ်စောင် သိမ်းဆည်းသွား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်မ ၂၂၊ တပ်ရင်း ၅၅၁၊ စခန်း ၂၁ - ဖုံညိုလိပ်စခန်း (ယခင် တပ်ရင်း ၅၅၁ တွင် အခြေစိုက်ထားသည့်) နယ်ခြားစောင့်ရဲများ စုစုပေါင်း အင်အားတစ်ရာခန့်သည် ဦးလှဖေရွာကို စစ်ဆေးပြီးနောက် အိမ်ထောင်စုစာရင်း တစ်စောင် သိမ်းဆည်းသွားခဲ့သည်။ 

ဇွန်လ (၁၁) ရက်နေ့ နံနက် ၈ နာရီတွင် အဆိုပါ အင်အားတစ်ရာခန့်သည် ဦးလှဖေကျေးရွာသို့ ရောက်ရှိလာပြီး စစ်သားများက ရွာကို အပြင်ဘက်မှ ပိတ်ဆို့ထားသည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ခေါ်ယူပြီး စစ်သားများနှင့် နယ်ခြားစောင့်ရဲများက တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးခဲ့သည်။ 

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ဦးလှဖေကျေးရွာအုပ်စု၊ တောင်ရွာသို့ ဦးစွာ ဝင်ရောက်၍ အိမ်သူအိမ်သားများကို အိမ်ရှေ့ကြမ်းပြင်သို့ ထွက်ခိုင်းကာ အိမ်ထောင်စုစာရင်းနှင့်အညီ လူဦးရေ စစ်ဆေးပြီး ဓါတ်ပုံရိုက်ယူခဲ့သည်။ စစ်သားအချို့နှင့် နယ်ခြားစောင့်ရဲအချို့ နေအိမ်များထဲသို့ ဝင်ရောက် စစ်ဆေးခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

၎င်းတို့သည် နေ့လည်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် နေ့လည်စာ စားသုံးပြီးနောက် ဦးလှဖေရွာကြီးသို့ ဝင်ရောက်၍ တောင်ရွာကဲ့သို့ စစ်ဆေးခဲ့သည်။ 

၎င်းတို့ စစ်ဆေးစဉ် တရားမဝင်နေထိုင်သူနှင့် လူအပိုအလျှံမတွေ့ရှိခဲ့သော်လည်း အချို့အိမ်များတွင် အလုပ်ခွင်သို့ သွားနေသည့်လူများ မစုံဘဲရှိနေခဲ့သည်။ ရွာသူရွာသားများက နေအိမ်တွင် ရှိမနေသူများနှင့် ပတ်သက်၍ လုပ်ငန်းခွင်သို့ ရောက်ရှိနေကြောင်း ရှင်းပြသော်လည်း ဦးလှဖေရွာကြီးမှ ဦးဇူဘိုင်ရ် ကို နေအိမ်တွင် မတွေ့ရှိသဖြင့် ၎င်း၏ အိမ်ထောင်စုစာရင်းကို စစ်ကြောင်းမှူးက သိမ်းဆည်းသွားခဲ့သည်။ ဦးဇူဘိုင်ရ်သည် လုပ်ငန်းခွင်သို့ ရောက်ရှိနေသည်မှာ မှန်ကန်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ရှင်းပြသော်လည်း စစ်ကြောင်းမှူးက လက်မခံဘဲ အိမ်ထောင်စုစာရင်းကို သိမ်းယူသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ညနေ ၄ နာရီခွဲအချိန်တွင် စစ်ဆေးပြီးစီးသွားသောကြောင့် ရွာမှ ထွက်ခွာသွားခဲ့သည်။ 

ဇွန်လ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် စိမ့်ညှင်းပြာနှင့် ဂူတာပြင်ကျေးရွာများထဲသို့ စစ်သားအင်အား ၃၀၀ ခန့် ဝင်ရောက် စစ်ဆေးခဲ့သည်။ စစ်သားများက ရွာသားများကို အာဆာ ဘယ်မှာလဲဟု မေးမြန်းကြရာ ရွာသားများက ၎င်းတို့ မသိရှိကြောင်း ဖြေကြားခဲ့သည်။ စစ်သားများသည် ရွာအတွင်းတွင် နှစ်ရက်ခန့် နေထိုင်ပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

မေလ (၂၅) ရက်နေ့ အီးဒ်နေ့  ညပိုင်းတွင် စိမ့်ညှင်းပြာနှင့် ဂူတာပြင်ကျေးရွာများသို့ စစ်သား ၂၀၀ ခန့် ဝင်ရောက်ပြီး လူနေအိမ်များကို ဝင်ရောက် စစ်ဆေးခဲ့သည်။ 

စစ်သားအချို့သည် ရွာသူရွာသားများ၏ မိုဘိုင်းဖုန်းများ လုယက်ယူသွားခဲ့သည်။ အချို့နေအိမ်များမှ အစားအသောက်များ လုယက်စားသောက်ခဲ့သည်။ ထိုသို့ နှစ်ရက်တိုင်တိုင် စစ်ဆေးခဲ့သည်။ 

ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာရွာများကို တရားမဝင်နေထိုင်သူများ ရှိသည်ဟု ဆိုကာ စစ်တပ်က မကြာခဏ ဝင်ရောက်စစ်ဆေးနေသော်လည်း တရားမဝင်နေထိုင်သူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိရဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ