မောင်တောမြောက်ပိုင်း ကြိမ်ချောင်းစခန်းတွင် ရိုဟင်ဂျာတစ်ဦး အသတ်ခံရ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျွန်းပေါက်စင်အိုးကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို ကြိမ်ချောင်း (ယခင်ရဲစခန်း) တွင် သုံးလနီးပါး ဖမ်းဆီးချုပ်နှောင်ထားပြီးနောက် ဇွန်လ (၁၀) ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ပြေးစဉ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာအတော်များများမှ ရွာလုံးကျွတ်နီးပါး ထွက်ပြေးခဲ့ကြရသည်။ ထိုသို့ ရွာလုံးကျွတ် ထွက်ပြေးရာတွင် ကျွန်းပေါက်စင်အိုး ကျေးရွာလည်း ပါဝင်သည်။ 

ယခုနှစ် မတ်လ အလယ်ပိုင်းတွင် ကျွန်းပေါက်စင်အိုးကျေးရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဦးမုခ်တာရ်ဆိုသူသည် စားဝတ်နေရေးအခက်အခဲကြောင့် လိပ်ရကျေးရွာဘက်သို့ ပြန်လာပြီး ချောင်း၌ ငါးဖမ်းနေစဉ် လိပ်ရစခန်းမှ နယ်ခြားစောင့်ရဲများက ဖမ်းဆီးပြီး၊ ကြိမ်ချောင်းစခန်း (ယခင်ရဲစခန်း) ကို လွှဲအပ်ခဲ့သည်။ 

ကျွန်းပေါက်စင်အိုးကျေးရွာတွင် လူသူမရှိသဖြင့် ရွာနီးချင်းများ ဖြစ်ကြသည့် ကျွန်းပေါက်ပြုစု၊ လိပ်ရ စသည့်ကျေးရွာသားများက ငွေကောက်ခံပြီး ၎င်းအတွက် အသုံးစရိတ်အဖြစ် ကြိမ်ချောင်းစခန်းသို့ ပေးသွင်းကြသည်။ ဇွန်လ (၁၀) ရက်နေ့ နံနက်ပိုင်းတွင်လည်း ဦးမုခ်တာရ်၏ စားသုံးစရိတ်အဖြစ် ငွေကျပ် ၁၉၀၀၀၀ ကျပ် ပေးအပ်ခဲ့ကြသည်။ 

ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ကြိမ်ချောင်းစခန်းမှ နယ်ခြားစောင့်ရဲများက ကျွန်းပေါက်ပြုစု ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ခေါ်ပြီး ညပိုင်းတွင် ဦးမုခ်တာရ် သေဆုံးသွားသည်ဟု ပြောဆိုပြီး မောင်တောဆေးရုံသို့ ပို့ဆောင်ခိုင်းသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက အပေါင်းအဖော်လူအချို့ကို ခေါ်ပြီး အလောင်းကို မောင်တောဆေးရုံသို့ သယ်ဆောင်သွားရာ နေ့လည် နှစ်နာရီတွင် ရောက်ရှိခဲ့ကြသည်။ 

ဆေးရုံတွင် ရင်ဘတ်နှင့် ဦးခေါင်းကို ခွဲစိတ်စစ်ဆေးပြီး ညနေပိုင်းတွင် ရုပ်အလောင်းကို ထုတ်ပေးခဲ့သည်။ ဆေးရုံမှ ခွဲစိတ်စရိတ် ငွေကျပ် တစ်သိန်းခြောက်သောင်း ယူခဲ့ကြောင်း သိရသည်။

ဦးမုခ်တာရ်၏ ရုပ်အလောင်းတွင် လည်ပင်းတွင် ကြိုးကွင်းတပ်ထားသည့်အရာတစ်ခုမှ လွှဲ၍ အခြားမည်သည့်ဒဏ်ရာမှ မရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ ၎င်းကို ကြိုးကွင်းစွတ်၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။ 

၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်များရှိ ရိုဟင်ဂျာများရွာများနှင့် ရိုဟင်ဂျာအိမ်အများစုကို မြန်မာစစ်တပ်က အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ပြီး ရိုဟင်ဂျာများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ဖမ်းဆီး၍ အစုလိုက်အပြုံလိုက် လှည်လှီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ရိုဟင်ဂျာ ၇ သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံနေကြရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ