ဘူးသီးတောင် လက်ဝဲဒက်ပြင်ကျယ်မှ ရာအိမ်မှူးနှင့် ရဲတို့ပူးပေါင်း၍ မုဆိုးမတစ်ဦးထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ကျယ်ကျေးရွာအုပ်စု၊ အာလီအဘော်ရွာ (ကျော်လှရွာ) မှ ရာအိမ်မှူးက ရဲနှင့်ပူးပေါင်း၍ ငွေညှစ်ခဲ့သည်။

လက်ဝဲဒက်ပြင်ကျယ်ကျေးရွာအုပ်စု၊ အာလီအဘော်ရွာ (ကျော်လှရွာ) မှ ရာအိမ်မှူး ဦးအာရ်မာန်က မုဆိုးမတစ်ဦး အိမ်ထဲဝင်သို့ အဝင်မခံသည့်အတွက်ဟုဆိုကာ ရဲခေါ်ယူလာပြီး ငွေညှစ်ခဲ့သည်။

ကွယ်လွန်သူ ဦးဒိလ်ဒါရ်၏ ဇနီး ဒေါ်လုဒ္ဒါနီ (အသက် ၃၈ နှစ်) သည် ဇွန်လ (၃) ရက်နေ့ ည ၈ နာရီခန့်အချိန်တွင် ၎င်း၏ အိမ်နီးချင်း အမျိုးသမီးတစ်ဦးနှင့် စကားများရာ တစ်ဦးနှင့်တစ်ဦး အော်ဟစ်ပြောဆိုခဲ့သည်။ ထိုစဉ် ရာအိမ်မှူးဖြစ်သူ ဦးအာရ်မာန် ရောက်ရှိလာပြီး "ဘာကြောင့်အော်နေတာလဲ၊ ဆဲနေတာလဲ" ဟု ပြောဆိုကာ အိမ်ထဲသို့ ဝင်ရန်ကြိုးစားသောကြောင့် ဒေါ်လုဒ္ဒါနီက မိမိသည် မုဆိုးမဖြစ်သောကြောင့် အိမ်ထဲသို့ မဝင်ရန်ဟန့်တားပြီး ဝင်ခွင့်မပေးခဲ့ပေ။ ထို့ကြောင့် ရာအိမ်မှူးက ဒေါသထွက်ပြီး အော်ဟစ်ဆဲဆိုသံကြောင့် ပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်ကြောင်း၊ ယခုပြမည်ဟုဆိုကာ ၎င်းနှင့် အမြဲပူးပေါင်း၍ ငွေညှစ်လေ့ရှိသည့် မြို့မရဲစခန်းမှ ရဲနှစ်ဦးခေါ်လာခဲ့သည်။ 

ရာအိမ်မှူးသည် ရဲများရောက်လာသောအခါ ဒေါ်လုဒ္ဒါနီ၏ နေအိမ်သို့ တဖန်သွားရောက်၍ ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့သည်ဟုဆိုတာ ဒေါ်လုဒ္ဒါနီကို ရဲစခန်းသို့ ခေါ်ဆောင်သွားသည်။ ရဲစခန်းသို့ ရောက်သည်နှင့် နှစ်ရှည်ထောင်ကျမည်ဖြစ်ကြောင်း ခြိမ်းခြောက် ည ၁၀ နာရီတွင် ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ဒေါ်လုဒ္ဒါနီတွင် ငွေကျပ် ၅ သိန်း မရှိသောကြောင့် ရွာသားတစ်ဦးထံ ၎င်း၏နေအိမ်ကို ပေါင်၍ ငွေချေးခဲ့ရသည်။ 

"ဒီရာအိမ်မှူးက အဲဒီမုဆိုးမအမျိုးသမီးကို ပစ်မှတ်ထားတာ ကြာပြီ၊ အကြောင်းအမျိုးမျိုးရှာပြီး အိမ်ထဲကို ဝင်ဖို့ ကြိုးစားတယ်။ အမျိုးသမီးကောင်းဆိုတော့ သူ့ကို အခွင့်အရေးမပေးဘူး။ အခုလည်း အိမ်ထဲကို အကြောင်းပြဝင်ဖို့ ကြိုးစားတာ မအောင်မြင်လို့ ဒေါသထွက်ပြီး ရဲခေါ် ငွေညှစ်တာ" ဟု ရွာသားတစ်ဦးက ပြောသည်။

ရာအိမ်မှူး ဦးအာရ်မာန်သည် ရဲများနှင့် ပူးပေါင်း၍ ရွာသားများကို မဟုတ်မမှန် စွပ်စွဲပြီး မကြာခဏ ငွေညှစ်လေ့ရှိသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။   


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ