မောင်တော လှဖိုးခေါင်စခန်းတွင် ကွာရန်တင်း ဝင်နေရသူများ အစားအသောက်မရရှိသေး
အေးဇော်၊ မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာရောက်ရှိလာသူတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးရှာတွေ့ရှိပြီးနောက် ဦးရှည်ကျရွာမှ ရွာသူရွာသား ၂၀ ဦးကို စောင့်ကြည့်ရန် (ကွာရန်တင်း) လှဖိုးခေါင်စခန်းသို့ ပို့ဆောင်ခဲ့သည်။ ၎င်းတို့ ၂၀ ဦးစလုံး ခေါ်ဆောင်သွားသည့်အချိန်မှ ယခုအချိန်ထိ အစာရေစာနှင့် နေထိုင်ရန်အတွက် လိုအပ်သည်များ စီစဉ်ပေးခြင်း မရှိသေးဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ၎င်း၏မိသားစုဝင် ၄ ဦးတို့သည် မေလ (၃၀) ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့၏ အစီအစဉ်ဖြင့် မူလနေရပ်ဖြစ်သည့် ဦးရှည်ကျကျေးရွာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ရောက်ရောက်ချင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီး ရောက်ရှိလာသည့်အကြောင်းကို အကြောင်းကြားခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ နယ်မြေ (၅) ငါးခူရစခန်းမှ နယ်မြေမှူးနှင့် ဖ.က.ဖ ဦးစီးမှူးတို့ကို ဖုန်းဖြင့် သတင်းပို့ခဲ့သည်။ အာဏာပိုင်များက ပြန်လည်ရောက်ရှိလာသူများကို ကွာရန်တင်းဝင်ရန် လိုအပ်သောကြောင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးကို တာဝန်ပေးခဲ့ကြောင်းနှင့် ကွာရန်တင်းပြီးသည်နှင့် ငါးခူရပြန်လည် လက်ခံရေးစခန်းသို့ ခေါ်၍ တရားဝင်လက်ခံမည်ဟု ပြောကြားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

အာဏာပိုင်များ တာဝန်ပေးသည့်အတိုင်း ဦးရှည်ကျကျေးရွာ အုပ်ချုပ်ရေးမှူးသည် မေလ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် ငန်းချောင်းကျေးရွာ ဥက္ကဌဟောင်း ဦးမူဆာ၏ ကားကို ငှားရမ်း၍ ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ရောက်ရှိလာသည့် မိသားစုကို လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ခဲ့သည်။ 

ဇွန်လ (၁) ရက်နေ့တွင် မောင်တော ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါ မိသားစုထံ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန်အတွက် လိုအပ်သည့် နမူနာရယူခဲ့သည်။ ဇွန်လ (၄) ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဓါတ်ခွဲခန်းမှ စစ်ဆေးတွေ့ရှိချက်အရ မိသားစု၏ အိမ်ထောင်စုဦးစီး ဖြစ်သူထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်ဟု သိရပြီးနောက် ၎င်းကို မောင်တော ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားပြီး သီးသန့်လူနာဆောင်တွင် ထားရှိပြီး ဆေးကုသပေးလျက်ရှိသည်။ 

လှဖိုးခေါင်စခန်းသို့ ပို့ဆောင်ပေးခဲ့သည့်ကားကို မောင်းနှင်ခဲ့သူ ဦးမူဆာနှင့် မိသားစုဝင်များကိုလည်း မိမိတို့၏ နေအိမ်တွင် ကွာရန်တင်းဝင်နေရန် အာဏာပိုင်များက မှာကြားထားသည်။

ယင်းနေ့ နံနက်ပိုင်းမှစ၍ မောင်တော ပြည်သူ့ဆေးရုံ ဂိတ်ဝတွင် ဆေးရုံဝန်ထမ်းများ စောင့်ဆိုင်းပြီး ဆေးရုံသို့ အဝင်အထွက် ပြုလုပ်သူများကို နှာခေါင်းစည်း (Mask) များ တပ်ဆင်ပေးခြင်း၊ လက်ဆေးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်။ 

ည ၆ နာရီအချိန်တွင် ရောဂါပိုးတွေ့ရှိသူနှင့် တွေ့ဆုံခဲ့သူ ဦးရှည်ကျရွာမှ ကလေးနှစ်ဦး အပါအဝင် ၂၀ ဦးကို နယ်ခြားစောင့်ရဲများက လှဖိုးခေါင်စခန်းသို့ ခေါ်ဆောင်သွားပြီး ယခုအချိန်ထိ အစာရေစာကျွေးမွေးခြင်း၊ နေထိုင်ရန် လိုအပ်သည်များ ပံ့ပိုးပေးခြင်း မရှိသေးကြောင်း သိရသည်။

၎င်းတို့ ၂၀ ဦးကို နယ်မြေ (၅) မှ နယ်ခြားစောင့်ရဲများက မြေသယ်သည့်ကားပေါ်သို့ တင်၍ ခေါ်ဆောင်သွားရာ ဖားဝချောင်းသို့ အရောက်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အမိုးမရှိသည့် ကားပေါ်တွင် ပါလာသူများအားလုံး မိုးရေစိုခဲ့ကြောင်း၊ လှဖိုးခေါင်စခန်းသို့ ရောက်သည်နှင့် တစ်ဦးချင်း ကျန်းမာရေးနှင့် ကိုယ်ရေးရာဇဝင်များ မေးမြန်း၍ မှတ်တမ်းများ ယူသောကြောင့် ည ၁၂ နာရီ အချိန်မှသာ ၎င်းတို့ နေရမည့် အဆောင်သို့ ရောက်ရှိခဲ့ကြောင်း မောင်တောမြောက်ပိုင်းမှ ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

အဆောင်များမှာ ကွမ်းသီးပင်များကို ဖြတ်၍ အခင်းခင်းထားပြီး၊ အမိုးများကို သွပ်ဖြင့် မိုးထားသော်လည်း အပေါက်များ ရှိနေခြင်းကြောင့် ညပိုင်းမိုးရွာသည့်အခါ မိုးယိုသဖြင့် အိပ်မရကြောင်း၊ အစားအသောက်များ ပေးခြင်း၊ အိပ်ရန်အတွက် စောင်၊ ခြင်ထောင်များလည်း ပေးခြင်း မရှိသေးကြောင်း သိရသည်။

"အဆောင်တွေရဲ့ အခြေအနေကတော့ တော်တော်လေး ဆိုးရွားတယ်။ အခင်းတွေက ကွမ်းသီးပင်တွေကို ဖြတ်ပြီး ခင်းထားတာ၊ သွပ်မိုးတွေဆိုပေမယ့် အပေါက်တွေနဲ့။ မိုးရွာရင် မိုးယိုတယ်။ အစားအသောက်အတွက်၊ အိပ်ဖို့ လိုအပ်တာတွေ ဘာမှ မစီစဉ်ပေးတော့ ဒီလူတွေက ငတ်ပြတ်သေမယ့် သဘောရှိတယ်။ အာဏာပိုင်တွေက လိုအပ်သမျှ စီစဉ်ပေးဖို့ တာဝန်ရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ