ဘူးသီးတောင်၊ ညောင်ချောင်း အထက်တန်းကျောင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး စာသင်ခန်းနှစ်ခန်း ပျက်စီး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်မြေစခန်းရှေ့ရှိ အထက်တန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စာသင်ခန်းနှစ်ခန်း ပျက်စီးသွားခဲ့သည်။

ဇွန်လ (၁) ရက်နေ့ ည ရး၃၀ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်းနယ်မြေစခန်းရှေ့ရှိ အထက်တန်းကျောင်း (အ.ထ.က ညောင်ချောင်း) ၏ စာသင်ခန်းထဲတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ ပေါက်ကွဲမှုကြောင့် စာသင်ခန်းနှစ်ခန်း ပျက်စီးသွားခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများကို AA က တိုက်ခိုက်ပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများတွင် စစ်တပ်မှ စစ်သားများ အတူ ထားရှိပေးခဲ့သည်။ ညောင်ချောင်း နယ်မြေစခန်းတွင်လည်း နယ်ခြားစောင့်ရဲများနှင့်အတူ စစ်သား ၁၀၀ ကျော် ထားရှိခဲ့သည်။

မေလ (၂၉) ရက်နေ့တွင် ညောင်ချောင်းနယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများအားလုံး ထွက်ခွာသွားပြီး နယ်မြေစခန်းတွင် စစ်သားများသာ ကျန်ရစ်နေကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဇွန်လ (၁) ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်သားအင်အား ၂၅၀ ခန့် ညောင်ချောင်းနယ်မြေစခန်းသို့ ရောက်ရှိလာခဲ့သည်။ ထပ်မံရောက်ရှိလာသည့် စစ်သားအချို့သည် ညောင်ချောင်းနယ်မြေစခန်းတွင် နေရာယူပြီး၊ အချို့သည် စခန်းရှေ့ရှိ အထက်တန်းကျောင်းထဲတွင် နေရာယူခဲ့သည်။

စစ်သားအချို့သည် ကျောင်းဆောင်တစ်ခုမှ အခန်းနှစ်ခန်းထဲသို့ ဝင်ရောက်ပြီး ချက်ချင်းပြန်ထွက်ကာ ယင်းအဆောင်မှ အခြားအဆောင်သို့ ပြောင်းရွှေ့ခဲ့သည်ဟု ကျောင်းပြင်ပမှ တွေ့ရှိသူအချို့က ပြောသည်။ ည ရး၃၀ နာရီခန့်တွင် အဆိုပါ အခန်းနှစ်ခန်းတွင် ပြိုင်တူ ပေါက်ကွဲမှု ဖြစ်ပွားပြီး စာသင်ခန်းနှစ်ခန်းစလုံး ပျက်စီးသွားခြင်း ဖြစ်သည်ဟု ၎င်းတို့ ဆိုကြသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်သားများသည် ကျောင်းမှ ထွက်၍ နယ်မြေစခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ 

ဇွန်လ (၂) ရက်နေ့ နံနက်ပိုင်းတွင် စစ်သားများက ဖုရားပြင်အောင်ပကျေးရွာမှ ရာအိမ်မှူးများကို ဆင့်ခေါ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် စာသင်ခန်းများထဲသို့ ဝင်ရောက်ခိုင်းပြီး အခန်းများကို ရှင်းလင်းခိုင်းခဲ့သည်။ ၎င်းတို့ ရှင်းလင်းနေစဉ် စစ်သားများ အပြင်၌ စောင့်နေခဲ့သည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ "ဒီပေါက်ကွဲမှုက ဘယ်သူ့လက်ချက်လဲဆိုတာ ကျွန်တော်တို့လည်း သေချာမသိဘူး။ စစ်သားတွေက အဲဒီအခန်းနှစ်ခန်းထဲ ဝင်သွားတယ်။ ဝင်ပြီးတာနဲ့ ပြန်ထွက်လာတယ်။ သူတို့ ကိုယ်တိုင် ဝင်ပြီး ဗုံးထောင်တာလား၊ ဒါမှ မဟုတ် အခန်းထဲဝင်ပြီး ဗုံးတွေ့လို့ ပြန်ထွက်လာတာလား ဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမယ့် ဗုံးထောင်ထားတာတွေ့ရင်တောင် အဲဒီဗုံး မပေါက်အောင် လုပ်ရမှာက စစ်သားတွေရဲ့ တာဝန်မဟုတ်လား။" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ယခုပေါက်ကွဲမှုနှင့် ပတ်သက်၍ မသက်ဆိုင်သည့် အပြစ်မဲ့ရွာသားများကို စွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်မည်ကို စိုးရိမ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ