ဘူးသီးတောင်၊ ဖုံညိုလိပ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့ပိုင်း ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ကျေးရွာတွင် စခန်းချထားသည့် စစ်သားများ၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ကျေးရွာရှိ တောင်ကုန်းပေါ်တွင် စခန်းချထားသည့် စစ်သားများက မေလ (၁၈) ရက်နေ့ ည ၈ နာရီခန့်တွင် အကြောင်းမဲ့ သေနတ်ပစ်ဖောက်ခဲ့သည်။

စစ်သားများ ပစ်ခတ်သည့် ကျည်ဆံများသည် ဖုံညိုလိပ်ကျေးရွာတွင်းသို့ ကျရောက်ပြီး ဖုံညိုလိပ်ကျေးရွာအုပ်စု အကွက် ၁၄ မှ ဦးအာဘုလ်နာဆာရ် (ဘ) ဦးအီလီယာစ် (အသက် ၃၂ နှစ်) ၏ ဘယ်ဘက်ခြေထောက်ကို ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ ဦးအာဘုလ်နာဆာရ်သည် ၎င်း၏ ခြံဝင်းအတွင်းရှိနေစဉ် ကျည်ဆံထိမှန်ခံရခြင်း ဖြစ်သည်။

၎င်းအား ကျည်ဆံထိမှန်ပြီးနောက် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်နိုင်ရန်အတွက် ကျေးရွာတာဝန်ခံက စိုင်းဒင်းတံတားပေါ်ရှိ စစ်ကြောင်းမှူးကို အကြောင်းကြားခဲ့သည်။ စစ်ကြောင်းမှူးက ဒဏ်ရာရရှိသူကို ဘူးသီးတောင်ဆေးရုံသို့ မပို့ဆောင်ရန်၊ စစ်တပ်မှ ဆေးမှူးက ကုသပေးမည် ဖြစ်ကြောင်း ပြောဆိုပြီး ဒဏ်ရာရရှိသူကို စိုင်းဒဏ်တံတားပေါ်သို့ ခေါ်ယူလာရန် မှာကြားခဲ့သည်။ 

စစ်ကြောင်းမှူး၏ မှာကြားချက်ကြောင့် ရွာတာဝန်ခံက ကျည်ဆံထိမှန်ခံရသူ ဦးအာဘုလ်နာဆာရ်ကို စိုင်းဒင်တံတားပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ စိုင်းဒင်တံတားပေါ်သို့ ရောက်ရှိသည်နှင့် စစ်ကြောင်းမှူးက ဦးအာဘုလ်နာဆာရ်နှင့် ကျေးရွာတာဝန်ခံတို့ကို AA မှ ပစ်ခတ်သည့် ကျည်ဆံထိမှန်ခြင်း ဖြစ်သည်ဟု ထွက်ဆိုခိုင်းကာ ဗီဒီယို ရိုက်ကူးယူခဲ့သည်။

ထို့နောက် ဆေးမှူးက ဦးအာဘုလ်နာဆာရ်ကို ဆေးကုသပေးပြီး အိမ်ပြန်ခိုင်းခဲ့သည်။ 

မေလ (၁၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၌ တိုက်ပွဲဖြစ်ပွား မရှိခဲ့သော်လည်း စစ်သားများက ရိုဟင်ဂျာရွာထဲသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ