ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိုဟင်ဂျာများ၏ အိမ်ထောင်စုစာရင်းများ၌ လူအပြောင်းအရွှေ့ ပြုလုပ်ပေးရာတွင် NVC မရှိသူများထံမှ ငွေညှစ်
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ရိုဟင်ဂျာများ၏ အိမ်ထောင်စု လူဦးရေ စာရင်းများ၌ လူအပြောင်းအရွှေ့ ပြုလုပ်ပေးရာတွင် NVC ပါရရှိရမည်ဟု ဆိုကာ NVC မရှိသူများထံမှ ငွေညှစ်လျက်ရှိသည်။

ဘူးသီးတောင်မြို့ပေါ် လ.ဝ.က ရုံးအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကြားစခန်းမှ တာဝန်ရှိသူများက တစ်မြို့နယ်လုံးရှိ ဒေသခံရိုဟင်ဂျာများ၏ အိမ်ထောင်စု လူဦးရေစာရင်းများတွင် လူအပြောင်းအရွှေ့များ ပြုလုပ်ပေးရာတွင် NVC မရှိသူများကို လုပ်မပေးဘဲ ၎င်းတို့၏ ပွဲစားများမှတဆင့် ငွေညှစ်ရမှသာ ပြုလုပ်ပေးလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

အိမ်ထောင်စု လူဦးရေစာရင်းတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ရန် NVC မရှိသည့်အတွက်ဟု ဆိုကာ ငွေကျပ် သုံးသောင်း၊ ကြားစခန်းမှ အိမ်ထောင်စု လူဦးရေစာရင်း တစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ပေးရန် လိုအပ်သည်မှာ မှန်ကန်ပါကြောင်း ထောက်ခံချက်အတွက် ငွေကျပ် သုံးသောင်း ညှစ်ယူပြီးနောက်၊ ခွင့်ပြုကြောင်း မှတ်ချက်ကို ကြားစခန်းသို့ ပြန်ယူလာပြီး ပြသနိုင်မှ ပြောင်းရွှေ့ ပေးပြီး ထပ်မံ၍ ငွေကျပ် နှစ်သောင်း စသဖြင့် ငွေကျပ် တစ်သိန်းခန့် ကုန်ကျလျက်ရှိပြီး၊ ထိုကဲ့သို့ ငွေညှစ်မှုကြောင့် အိမ်ထောင်စု လူဦးရေ စာရင်းမှ အပြောင်းအရွှေ့ ပြုလုပ်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဘူးသီးတောင်မြို့ခံ တစ်ဦးက ပြောပါသည်။ 

“တရားဝင် လက်ထပ်ထားတဲ့ ဇနီးမောင်နှံက ကလေးထွန်းကားလာတဲ့အခါ မိဘနှစ်ယောက်စလုံး အိမ်ထောင်စုစာရင်း တစ်ခုတည်းမှာ မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မိခင်ဘက်၊ ဒါမှမဟုတ် ဖခင်ဘက်စာရင်းမှာ တင်မပေးဘူး။ အဓိက ငွေမပေးနိုင်လို့ တင်မပေးတာ။ သူတို့ ငွေကြေး စုဆောင်းပြီး မိဘနှစ်ပါးလုံး စာရင်းတစ်ခုထဲ ပြောင်းလာတော့လည်း ကလေးက အသက်ကြီးသွားပြီ ဆိုပြီး မတင်ပေးဘူး။ အဲလိုတွေကြောင့် အိမ်ထောင်စုစာရင်းမှာ တင်မရဘဲ စာရင်းမဲ့နေတဲ့ ရိုဟင်ဂျာကလေးငယ်တွေ အရမ်းများနေပြီ” ဟု အဆိုပါ မြို့ခံက ဆက်လက်ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ