မောင်တောခရိုင် အာဏာပိုင်များက ရိုဟင်ဂျာနှင့် ဟိန္ဒူဘာသာရေးကျောင်းများသို့ သွားရောက်၍ Covid-19 ပညာပေးအစီအစဉ်များ ဆောင်ရွက်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှ အာဏာပိုင်များက မေလ (၁၂) ရက်နေ့တွင် ရိုဟင်ဂျာနှင့် ဟိန္ဒူဘာသာရေးကျောင်းများသို့ သွားရောက်၍ Covid-19 ပညာပေးအစီအစဉ်များ ဆောင်ရွက်ခဲ့သည်။ 

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဘူးသီးတောင်အခြေစိုက် တပ်မမှူး၊ ဗျူဟာမှူး တို့သည် မေလ (၁၂) ရက်နေ့တွင် မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာနှင့် ဟိန္ဒူ ဘာသာရေးကျောင်းများသို့ သွားရောက်၍ လူမှု့အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ Covid-19 နှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များ ပြောကြားခဲ့သည်။ ၎င်းတို့နှင့်အတူ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်း၍ လုံခြုံရေး ဆောင်ရွက်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

၎င်းတို့ လာရောက်တွေ့ဆုံမည်ကို တစ်ရက်ကြို၍ နှစ်ဖက်လူ့အဖွဲ့အစည်းအား သတင်းပို့ခဲ့သည်။ မေလ (၁၂) ရက်နေ့ နံနက် ၈ နာရီခန့်တွင် အာဏာပိုင်များသည် မောင်တောမြို့မဈေးတောင်ဘက်ရှိ ဟိန္ဒူဘုရားကျောင်းသို့ သွားရောက်၍ ဟိန္ဒူဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် ကျန်းမာရေးဌာနမှ ပညာပေး ညွန်ကြားချက်များနှင့် အညီ ပြုမှုနေထိုင်ကြရန် တိုက်တွန်းခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ဟိန္ဒူလူမှု့အသိုင်းအဝိုင်းမှ တက်ရောက်လာသူများကို သုံးပေခြား၍ ထိုင်စေခဲ့ပြီး Mask များတပ်ခိုင်းခဲ့သည်။ အပြင်ထွက်တိုင်း Mask တပ်ရန် မှာကြားပြီး၊ ကွေကာအုပ်များ၊ ကြက်ဥများနှင့် Mask များဝေငှ၍ ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခဲ့သည်။ 

ထို့နောက် အာဏာပိုင်များသည် မောင်တောပြည်သူ့ဆေးရုံသို့ ဝင်ရောက်၍ လူနာများကို ကြည့်ရှုစစ်ဆေးပြီး အချိုရည်များနှင့် Mask များ ဝေငှခဲ့သည်။ 

ယင်းနေ့ နေ့လည် ၁၂ နာရီကျော်တွင် ကညင်တန်းရပ်ကွက် အရှေ့ဘက်ရှိ ဗလီဝတ်ကျောင်းတော်ကြီးသို့ သွားရောက်၍ ဘာသာရေးဆရာများ၊ ရပ်မိရပ်မိများနှင့် တွေ့ဆုံခဲ့သည်။ ဘာသာရေးဆရာများနှင့် ရပ်မိရပ်ဖများကို သုံးပေစီခြား၍ ထိုင်ခိုင်းပြီး၊ လူစုလူဝေး မပြုလုပ်ရန်၊ ကျန်းမာရေးဌာနမှ ညွန်ကြားချက်များ လိုက်နာရန်နှင့် အပြင်သို့ ထွက်တိုင်း Mask တပ်ရန် တိုက်တွန်းခဲ့သည်။ ထို့နောက် တက်ရောက်လာသူများကို ဟိန္ဒူလူမှု့အသိုင်းအဝိုင်းကို ဝေငှသည့်အတိုင်း ကွေကာအုပ်၊ ကြက်ဥနှင့် Mask များ ဝေငှပေးပြီး ဗီဒီယိုနှင့် ဓါတ်ပုံများ ရိုက်ယူခဲ့သည်။ 

တွေ့ဆုံပွဲပြီးသည်နောက်တွင် မီးသတ်ဌာနမှ ဝန်ထမ်းများကို ဆင့်ခေါ်၍ မီးသတ်ကားဖြင့် မြို့ပေါ်လမ်းမကြီး တစ်လျှောက် ပိုးသတ်ဆေး ဖြန့်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ