ကျောက်တော်၊ ပိုက်သည်ကျေးရွာတွင် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိသည့် ဒေသခံ ၅ ဦး ဆေးဝါးကုသခွင့် မရရှိသေး
ခင်မောင်နိုင် Rohingya Today

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကစ္စပနဒီတံတားပေါ်ရှိ မြန်မာစစ်တပ်မှ စစ်သားများ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံများသည် ပိုက်သည်ကျေးရွာသို့ ကျရောက်ပြီး ရိုဟင်ဂျာအမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းတို့သည် ယခုအချိန်ထိ ဆေးဝါးကုသခွင့် မရရှိသေးပေ။

မေလ (၁၁) ရက်နေ့ ည ၆ နာရီခန့်အချိန်တွင် လက်ဆောင်ကုပ်ကျေးရွာမှ ဦးလှမောင်သာ (ကျောင်းဆရာ၊ အသက် ၅၅ နှစ်ခန့်) နှင့် မော်လဝီဦးဂျာမာလ်အုဒ္ဒိန် (ဘ) ဦးဟဲလာလ်အုဒ္ဒိန် (အသက် ၃၅ နှစ်) တို့သည် ဝါတွင်းကာလ ဝါမဖြေမီ လေကောင်းလေသန့်ရှုရန်အတွက် ဆိုင်ကယ်တစ်စီးဖြင့် သွားနေစဉ် ပိုက်သည်ကျေးရွာမှ လမ်းမကြီးအရောက်တွင် ကစ္စပနဒီတံတားမှ စစ်သားများ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆံထိမှန်ပြီး နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

လမ်းလျှောက်သွားနေသည့် ပိုက်သည်ကျေးရွာမှ မာမတ်အာယာစ် (ဘ) ဦးရီဇူဝါန်အုလ်ဟောက် (အသက် ၁၇ နှစ်) ကို ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် စစ်သားများက လက်နက်ကြီးလက်နက်ငယ်များဖြင့် မိနစ် ၃၀ ကျော် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ ကျည်ဆံများသည် ပိုက်သည်ကျေးရွာတွင်းရှိ အိမ်များသို့ ကျရောက်ပြီး အမျိုးသမီး ၂ ဦး ကျည်ဆံထိမှန်သည့်အပြင် ခွေးတစ်ကောင်လည်း ကျည်ဆံထိမှန် သေဆုံးသွားခဲ့သည်။ 

နေအိမ်များ၏ ခေါင်မိုးပေါ်သို့ ကျည်ဆံများ ကျရောက်ခဲ့သောကြောင့် အိမ်ခေါင်မိုးများ ပျက်စီးသွားခဲ့သည်။ 

ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် အမျိုးသား ၃ ဦးကို စက်လှေဖြင့် အပေါက်ဝတိုက်နယ်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သော်လည်း ည ၉ နာရီကျော်အချိန် ဖြစ်သောကြောင့် ဆေးဝါးကုသခွင့် မရခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“အပေါက်ဝတိုက်နယ်ဆေးရုံက ဆရာဝန်တွေက ကျောက်တော်မြို့နယ် ဆေးရုံကြီးက ဆရာဝန်ကြီးရဲ့ ညွန်ကြားချက်ရမှ ဆေးကုပေးတယ်။ ည ၉ နာရီဆိုတော့ ကျောက်တော်ဆေးရုံကြီးက ဆရာဝန်ကြီးရဲ့ ညွန်ကြားချက်မရဘူး။ အဲဒီတော့ ဒဏ်ရာရသူတွေ ဆေးကုလို့ မရဘူး။ အမျိုးသမီးတွေရဲ့ ဒဏ်ရာတွေက စိုးရိမ်စရာမရှိတော့ ဆေးရုံကို ခေါ်မသွားကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ပိုက်သည်ကျေးရွာ မြောက်ပိုင်းတွင် ရခိုင်လူမျိုးများ နေထိုင်ခဲ့သည့် အိမ်အနည်းငယ်ရှိသော်လည်း ၎င်းတို့သည် ယင်းအိမ်များတွင် မနေဘဲ မြို့ပေါ် ရပ်ကွက်များသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ နေ့ပိုင်းတွင် အမျိုးသားအချို့ ယင်းအိမ်များသို့ လာရောက်၍ မိုင်းဗုံးများထောင်ကာ အဝေးသို့ သွားရောက်၍ အဝေးထိန်း ရမုတ်များဖြင့် ဖောက်ခွဲကြသည်။ ထိုသို့ ပေါက်ကွဲသံများထွက်ပေါ်လျှင် ကစ္စပနဒီတံတားပေါ်ရှိ စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်လေ့ရှိသည်။ 

အဆိုပါ လက်နက်ကြီး လက်နက်ငယ် ကျည်ဆံများသည် ယင်းအိမ်များ၏ တောင်ဘက်တွင် ကပ်လျက်ရှိသည့် ရိုဟင်ဂျာများ၏ နေအိမ်များသို့ ကျရောက်ပြီး အပြစ်မဲ့လူများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အိုးအိမ်များ ပျက်စီးခြင်းများ ဖြစ်ပေါ်သည်။ မေလ (၁၁) ရက်နေ့ ညနေပိုင်းတွင် ယင်းကဲ့သို့ ပေါက်ကွဲသံ ထွက်ပေါ်ပြီးနောက် စစ်သားများက လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ခြင်း ဖြစ်သည်။ 

မြန်မာစစ်တပ်မှ စစ်သားများက ထိုကဲ့သို့ မဆင်မခြင် ပစ်ခတ်လျှင် ရိုဟင်ဂျာရွာထဲသို့ ကျရောက်ပြီး အပြစ်မဲ့ရွာသူရွာသားများ ထိခိုက်မည်ကို သိသော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။ 

“မြန်မာစစ်တပ်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရသူတွေက ရိုဟင်ဂျာတွေသာ ဖြစ်နေတယ်။ ရိုဟင်ဂျာတွေက နှစ်ဖွဲ့စလုံးရဲ့ သားကောင်တွေ ဖြစ်နေတယ်။ ဘယ်အဖွဲ့ကမှ ရိုဟင်ဂျာတွေ ထိခိုက်ဆုံးရှုံးနေတာကို အရေးစိုက်တာ မရှိဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။ 

ပိုက်သည်ကျေးရွာနှင့် ကျောက်တော်မြို့နယ် ဆေးရုံတို့သည် ဆယ်မိနစ်ခန့်သာ သွားရသည့် အကွာအဝေးတွင် ရှိသော်လည်း ၂၀၁၂ ခုနှစ်မှစ၍ ရိုဟင်ဂျာများကို ကျောက်တော်မြို့ပေါ်သို့ သွားရောက်ခွင့် ပိတ်ပင်ထားသဖြင့် နှစ်နာရီနီးပါးကြာ စက်လှေစီး၍ ရေလမ်းမှတဆင့် အပေါက်ဝဆေးရုံသို့ သွားရသည်။ အပေါက်၀ တိုက်နယ်ဆေးရုံသို့ သွားလျှင်လည်း ကျောက်တော်ဆေးရုံကြီးမှ ဆရာဝန်ကြီး၏ ညွန်ကြားချက် လိုပြန်သည်။ ယခုဒဏ်ရာရရှိသူများမှာ ဆေးဝါးကုသခွင့်မရရှိဘဲ သက်ဆိုင်ရာမှ ညွန်ကြားချက်ကို စောင့်ဆိုင်းနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ