ပေါက်တော အနောက်ရဲသို့ ပြည်နယ်အစိုးရ အကြီးအကဲများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေး
မောင်သိန်းထွန်း Rohingya Today

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲကျေးရွာတွင် ပြည်နယ်အစိုးရအဖွ့ဲမှ အကြီးအကဲများပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့် အခြား အစိုးရတာဝန်ရှိသူများပါဝင်သည့် အဖွ့ဲတစ်ဖွ့ဲသည် နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် ၁၀း၀၀ ခန့်အချိန်တွင် ဆင်တက်မော်ကျေးရွာအုပ်စု၊ အနောက်ရဲကျေးရွာသို့ ရောက်ရှိလာပြီး နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အနောက်ရဲ ဒုက္ခသည်စခန်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို လယ်ကွင်းတစ်နေရာတွင် စုစေပြီး ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အစိုးရအာဏာပိုင်များအနေဖြင့် ရာဇဝတ်မှုကျူးလွန်သူများအဖြစ် ရဲမှတ်တမ်းမှာပါရှိသည့် IDP စခန်းမှ လူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားရမည်ဖြစ်ပြီး IDP များက ၎င်းတို့ကို ဖမ်းဆီးရရှိရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရမည်ဟု အဖွ့ဲမှ တစ်ဦးကပြောပြီးနောက် IDP များဘက်က ပြောစရာ ရှိ၊ မရှိ မေးမြန်းရာတွင် IDP များက အချက် သုံးချက်ကို တောင်းဆိုခဲ့သည်။ တောင်းဆိုခဲ့သည့် အချက်များမှာ --

(၁) IDP များသည် အနောက်ရဲမှ စစ်တွေမြို့သို့ စက်လှေဖြင့် ကုန်ပစ္စည်းဝယ်ရန် သွားရပြီး၊ လမ်းရှိ စစ်ဆေးရေးဂိတ်တွင် လူတစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ (ငါးသောင်း) စီ ပေးနေရ၍ အလွန်ပင် အခက်အခဲရောက်နေရသဖြင့် ထိုကဲ့သို့ ငွေကောက်ခံမှုကို ဖျက်သိမ်းပေးပါရန်

(၂) အရောင်းအဝယ် ပြုလုပ်နိုင်ရန်အတွက် အနောက်ရဲကျေးရွာမှ ဆင်တက်မော်ကျေးရွာသို့ သွားရာတွင် ဆင်အိုင် (ရခိုင်) ကျေးရွာကို ဖြတ်၍ သွားရသဖြင့် အစိုးရမှ လုံခြုံရေး စီစဉ်ပေးပါရန်

(၃) အနောက်ရဲတွင် တာဝါတိုင်မရှိသောကြောင့် ဖုန်းလိုင်းမကောင်းသဖြင့် ဖုန်းဆက်သွယ်ရန် အဆင်မပြေသောကြောင့် ဖုန်းဆက်သွယ်နိုင်ရန် တာဝါတိုင်တစ်တိုင် စိုက်ထူပေးရန် -- တို့ဖြစ်သည်။ 

“အစိုးရတာဝန်ရှိသူတွေကတော့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို လက်ခံပြီး လုပ်ပေးမယ်လို့ ပြောသွားတယ်” ဟု ဒုက္ခသည်တစ်ဦးက ပြောပါသည်။ 

ပြည်နယ်အစိုးရ အကြီးအကဲများ ပါဝင်သည့် အဖွဲ့သည် နံနက် ၁၁ နာရီခန့် အချိန်တွင် အနောက်ရဲ ရွာသား ရိုဟင်ဂျာများနှင့် သီးခြားတွေ့ဆုံ၍ နိုဝင်ဘာလ (၁၈) ရက်နေ့ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှု မပြုလုပ်သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုပြီး။ ပြောစရာ ရှိ၊ မရှိ မေးမြန်းသဖြင့် ရွာသားများက “ကျွန်တော်တို့ရဲ့ လယ်ယာမြေတွေ ပေါ်မှာ IDP စခန်း အဆောင်တွေ ဆောက်ထားတာကြောင့် စိုက်ပျိုးရေး မလုပ်နိုင်ဘဲ နှစ်ရှည်ဒုက္ခရောက်နေရတယ်၊ အဲဒါကြောင့် အစိုးရက ကျွန်တော်တို့ကို ထိုက်တန်တဲ့ နစ်နာကြေး ပေးပါ” ဟု တောင်းဆိုခဲ့သည်။ 

ပြည်နယ်အစိုးရ တာဝန်ရှိသူများက အနောက်ရဲ ရွာသားများ၏ တောင်းဆိုချက်များကို စဉ်းစားပေးပါမည်ဟု ပြောဆိုပြီး မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ယခင်က ပေါက်တောမှ စစ်တွေသို့ စက်လှေဖြင့် သွားလျှင် တစ်နာရီသာ အချိန်ကြာမြင့်သောကြောင့် စက်လှေခ နှစ်ထောင်ကျပ်သာ ပေးခဲ့ရပြီး၊ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ ယခုအထိ ယခင်ကကဲ့သို့ စစ်တွေဈေးကြီး အနီးမှ ဝင်၍ မရဘဲ တစ်ပတ်ပတ်၍ သဲချောင်းမှ ဝင်နေရသောကြောင့် ၃ နာရီအချိန် ကြာမြင့်ပြီး စက်လှေခလည်း တစ်ဦးကို တစ်သောင်းကျပ်စီ ပေးနေရသည်။ 

စက်လှေပိုင်ရှင်က စက်လှေ မောင်းနှင်ခွင့်ရရန် အတွက် အာဏာပိုင်များကို ခြောက်လ (သို့) တစ်နှစ် တစ်ကြိမ် ဆက်ကြေး ပေးရသည်ဟု ဒေသခံများက ဆိုသည်။ 

အနောက်ရဲမှ ရိုဟင်ဂျာတစ်ဦး စစ်တွေမြို့သို့ ဈေးဝယ်ရန် လာလျှင် လမ်းစရိတ်သက်သက် ငွေကျပ် ခြောက်သောင်း ကုန်ကျလျက်ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ