ဘူးသီးတောင် မိကျောင်းဈေးကျေးရွာတာဝန်ခံက တဖက်နိုင်ငံတွင် ခိုလှုံနေသည့်သူများ၏ နေအိမ်များကို ဖြိုဖျက်၍ သစ်များကို ရောင်းစား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မိကျောင်းဈေးကျေးရွာတာဝန်ခံနှင့် တောင်ဘဇာကျေးရွာမှ အမှတ် (၅) ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်သူတို့က ၎င်းတို့၏ ကျေးရွာများရှိ အိမ်အလွတ်များကို ဖြိုဖျက်၍ သစ်များကို ရောင်းစားနေသည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မိကျောင်းဈေးကျေးရွာအုပ်စု တာဝန်ခံ ဦးဟာမိတ်ဟူစိန်းသည် မိကျောင်းဈေးကျေးရွာအုပ်စု ဆင်သေရွာမှ တဖက်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေသည့် ဦးမာမတ်အော်လီ (ဘ) ဦးမာမတ်အာလီ ကျန်ရစ်ခဲ့သည့် အိမ်ကြီးကို ဖြိုဖျက်၍ သစ်များကို ၎င်း၏ သားမက်ဖြစ်သူ ဦးမာမတ်နော်ယီးမ် ကို ပေးလိုက်သည်။ ယင်းအိမ်ကြီးကို ဦးဟာမိတ်ဟူစိန်းက ၎င်း၏ သား ၅ ဦးနှင့် အတူ ဧပြီလ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့များတွင် ဖြိုဖျက်ပြီး သားမက်ဖြစ်သူကို ပေးခဲ့သည်။ သားမက်ဖြစ်သူက ယင်းသစ်များဖြင့် မိကျောင်းဈေးရွာရှိ ခြံဝင်းထဲတွင် အိမ်ဆောက်လျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဖြိုဖျက်လိုက်သည့် အိမ်ကြီးသည် ပျဉ်ကတိုး၊ သစ်မာများဖြင့် ဆောက်လုပ်ထားပြီး၊ အလျား ပေ ၃၀၊ အနံ ၂၁ ပေ၊ ပျဉ်ခင်း၊ ဝါးကာ၊ ဓနိမိုးအိမ် ဖြစ်သည်။ ယင်းအိမ်၏ ကာလတန်ဖိုးမှာ သိန်းနှစ်ရာခန့်ရှိမည်ဟု ဒေသခံများက ခန့်မှန်းကြသည်။ 

ယင်းအိမ်နှင့် မနီးမဝေးတွင် သစ်မာများဖြင့် ဆောက်လုပ်ထားသည့် အခြားအိမ်ကြီးတစ်လုံးရှိပြီး ယင်းအိမ်ကိုလည်း ဦးဟာမိတ်ဟူစိန်းနှင့် သားများက မကြာခင် ဖြိုဖျက်မည်ဟု သိရသည်။ 

ကျေးရွာတာဝန်ခံ ဦးဟာမိတ်ဟူစိန်းသည် ၂၀၁၇ သြဂုတ်လ နောက်ပိုင်း ကျေးရွာတာဝန်ခံ ရာထူးမရခင်က တပ်ရင်း ၅၅၂ နှင့် နီးစပ်သည်ကို အကြောင်းပြ၍ တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ ကျန်ရစ်ခဲ့သည့် ကျွဲ၊ နွား၊ ဆိတ်များနှင့် အခြားပစ္စည်းများကို စုဆောင်းပြီး ရောင်းစားခဲ့သည်။ ထို့အပြင် ဒုက္ခသည်များ၏ နေအိမ်များကို ဖြိုဖျက်ရောင်းချ၍ သိန်းရာချီ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယခု စုဆောင်းထားသည့် သစ်များမှာလည်း သိန်းရာနဲ့ချီ ရှိမည်ဟု ဆိုကြသည်။

၎င်းသည် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင်လည်း တပ်ရင်းနှင့် နီးစပ်သည်ကို အကြောင်းပြ၍ တောတောင်မှ သစ်၊ ဝါးခုတ်သူများထံမှ ဆက်ကြေးကဲ့သို့ ကောက်ခံခဲ့သည်။ တပ်ရင်း ၅၅၂ နှင့် နီးစပ်သူဖြစ်သောကြောင့် ရွာသားများက ၎င်းကို ကြောက်ရွံရသည်ကို အခွင့်ကောင်းယူ၍ နည်းမျိုးစုံဖြင့် ဒုက္ခပေးခဲ့သူလည်း ဖြစ်သည်။ 

တောင်ဘဇာကျေးရွာမှ အမှတ် (၅) ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်သူ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့တို့၏ သတင်းပေးဖြစ်သူ ဦးဆော်လိမ် (ဘ) ဦးအေဘာဒူလ္လာနှင့် ၎င်းနှင့် အစုစပ်လုပ်ကိုင်သူ အမှတ် (၅) ရပ်ကွက်မှ ကျော်သူ (ခ) အဒူရာမာန် တို့သည်လည်း တောင်ဘာဇာကျေးရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများမှ အိမ်အလွတ်များကို ဖြိုဖျက်၍ အမှတ် (၅) ရပ်ကွက်သို့ သယ်ဆောင်လာပြီး ရောင်းချလျက်ရှိသည်။ ၎င်းတိုပ သယ်ယူလာသည့် သစ်များကို အမှတ် (၅) ရပ်ကွက်ရှိ တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ အိမ်ခြံ (၉) ခုတွင် စုဆောင်းထားသည်။ 

ယခုကဲ့သို့ အိမ်များဖြိုဖျက်၍ ရောင်းစားနေသည်ကို အာဏာပိုင်များက သိရှိသော်လည်း ဟန့်တား အရေးယူခြင်းမရှိဘဲ လာဘ်ငွေရယူပြီး လက်ပိုက်ကြည့်နေသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ