မင်းပြားမြို့နယ် လက်မကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို AA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်ပြီး အလောင်းကို မီးရှို့
ခင်မောင်နိုင် Rohingya Today
ဓါတ်ပုံ - Mapio.net

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအုပ်စု၊ လက်မကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို AA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်၍ အလောင်းကို မီးရှို့ခဲ့သည်။ 

ဧပြီလ (၃၀) ရက်နေ့ နေ့လည်ပိုင်းတွင် ရွှေတမာကျေးရွာအုပ်စု၊ လက်မကျေးရွာသို့ AA တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဦးအိုမောရ်ဟာကိမ်း (ဘ) ဦးဆုလ်တာန် (အသက် ၄၅ နှစ်) ကို ဖမ်းဆီးရန် ကြိုးစားရာ ရုန်းကန်၍ ထွက်ပြေးရန် ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီးခဲ့သည်။ 

ထို့နောက် ဦးအိုမောရ်ဟာကိမ်းကို စပါးထားကျေးရွာအုပ်စု၊ အောင်တိုင်ကျေးရွာသို့ ခေါ်ဆောင်သွားပြီး ညပိုင်းတွင် မီးရှို့သတ်ဖြတ်၍ အရိုးများကို ချောင်းထဲသို့ ပစ်လိုက်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

“ဦးအိုမောရ်ဟာကိမ်းကို ဆိုင်ကယ်တစ်စီး ခိုးယူပြီး ရောင်းတယ်လို့ စွပ်စွဲပြီး သတ်လိုက်တာပါ။ အိမ်မှာ လာဖမ်းတဲ့အချိန် သူက အိပ်နေတယ်။ သူတို့ဖမ်းတော့ ရုန်းပြီး ထွက်ပြေးဖို့ ကြိုးစားတာမှာ သေနတ်နဲ့ ပစ်ဖမ်းတာ။ ပြီးတော့ အောင်တိုင်ရွာကို ခေါ်သွားပြီး အဲဒီမှာ မီးရှို့သတ်လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ဦးအိုမောရ်ဟာကိမ်းသည် လွန်ခဲ့သည့် သီတင်းပတ်တွင် လူတစ်ဦးကို ဆိုင်ကယ်တစ်စီး ရောင်းချခဲ့သည်။ ဆိုင်ကယ်ဝယ်ယူသွားသူက ဆိုင်ကယ်စီးသွားနေစဉ် ပန်းမြောင်ကျေးရွာမှ ရခိုင်ရွာသားများက ဖမ်းဆီး၍ “ဒီဆိုင်ကယ်ကို ဘယ်ကရတာလဲ” ဟုမေးရာ ၎င်းက လက်မကျေးရွာသား ဦးအိုမောရ်ဟာကိမ်းထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 

ရခိုင်ရွာသားများက ယင်းဆိုင်ကယ်သည် ပန်းမြောင်ရွာမှ ရခိုင်ရွာသားတစ်ဦး ပိုင်ဆိုင်သော ဆိုင်ကယ်ဖြစ်ပြီး၊ လွန်ခဲ့သည့် သီတင်းပတ်တွင် အခိုးခံရခြင်း ဖြစ်ကြောင်း ပြောဆိုကာ ဆိုင်ကယ်သိမ်းယူသွားခဲ့သည်။ 

ထို့နောက် AA တပ်ဖွဲ့ဝင်များ ဦးအိုမောရ်ဟာကိမ်း၏ နေအိမ်သို့ ရောက်ရှိလာပြီး ဆိုင်ကယ်ခိုးယူသည်ဟု စွပ်စွဲကာ ဖမ်းဆီး၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

မင်းပြားမြို့နယ်ရှိ ရိုဟင်ဂျာရွာများအနီးတွင် မိုင်းထောင်ခြင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းတို့ကြောင့် ရိုဟင်ဂျာအများအပြား သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိခြင်းများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ AA တပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာရွာများထဲရှိ နေအိမ်များထိ ဝင်ရောက်၍ ဖမ်းဆီးရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်သောကြောင့် ရိုဟင်ဂျာများ အလွန်စိုးရိမ်ပူပန်လျက်ရှိနေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ