ဘူးသီးတောင်၊ ဖရုံချောင်းမှ ရိုဟင်ဂျာ ၅ ဦး ပျောက်ဆုံးနေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်းရွာမှ မေယုတောင်ထဲသို့ သွားရောက်၍ သစ်ခွဲလေ့ရှိသည့် ရိုဟင်ဂျာ ၄ ဦးသည် ဧပြီလ (၂၆) ရက်နေ့မှစ၍ ပျောက်ဆုံးသွားပြီး၊ အခြားရိုဟင်ဂျာတစ်ဦးသည် ဧပြီလ (၂၈) ရက်နေ့မှစ၍ ပျောက်ဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်းရွာမှ ဦးလာလူး (ဘ) ဦးဘာရူး (အသက် ၃၀ နှစ်)၊ အာဘူလ်ဟာရှိမ်း (ဘ) ဦးဘာရူး (အသက် ၂၄ နှစ်)၊ ဦးဂျော်မိလ် (ဘ) ဦးအာမီးရ်ဟူဆောင်း (အသက် ၃၂ နှစ်) နှင့် ဦးဆော်လိမ် (ဘ) ဦးရှောမ်ရှု (အသက် ၃၆ နှစ်) တို့ (၄) ဦးသည် လက်ဆွဲလွှသမားများ ဖြစ်ကြသည်။ 

၎င်းတို့ (၄) ဦးသည် မေယုတောင်သို့ အမြဲတစေ သွားလေ့ရှိပြီး တောတောင်ထဲတွင် တစ်ပတ်၊ နှစ်ပတ်ကြာ နေထိုင်၍ သစ်ခွဲလေ့ရှိသည်။ ၎င်းတို့သည် ဧပြီလ (၂၀) ရက်နေ့တွင် မေယုတောင်ထဲသို့ သစ်ခွဲရန် သွားရောက်ခဲ့ပြီး ဧပြီလ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် မိသားစုဝင်များထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် မိသားစုဝင်အချို့က ဖုန်းခေါ်ဆိုခဲ့ရာ ဖုန်းများ ပိတ်ထားသည်ကို သိရှိခဲ့ရပြီး၊ ဧပြီလ (၂၇) ရက်နေ့တွင် ထပ်မံခေါ်ဆိုကြည့်ရာ ဖုန်းပိတ်နေသည်ကိုသာ တွေ့ရှိရ၍ မိသားစုဝင်များက စိတ်ပူပန်လာကြသည်။ 

“၂၆ ရက်နေ့ထိ ဖုန်းအဆက်အသွယ်ရှိခဲ့တယ်။ နောက်နေ့တွေမှာ ဖုန်းခေါ်လို့ မရတော့ မိသားစုတွေ စိတ်ပူလာကြတယ်။ သူတို့ သွားတတ်တဲ့ဘက်ကို လိုက်ကြည့်တော့ ဘာမှ မတွေ့ရဘူး။ အခုအချိန်ထိ ဘာသတင်းအစအနမှ မရဘူး။ အဲဒါကြောင့် မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

မေယုတောင်ထဲတွင် စစ်သားများ အများအပြားရှိသည့်အပြင် ဧပြီလ (၂၆) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းသည် တောင်ကြားလမ်းအတိုင်း မေယုတောင်ထဲသို့ ဝင်ရောက်လာပြီး ဘူးသီးတောင်မြို့နယ်ပိုင်နယ်အတွင်းရှိ တောတောင်များထဲတွင် အခြေချခဲ့သည်။ 

အဆိုပါစစ်သားများက သစ်ခွဲသမား (၄) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းပြအဖြစ် အသုံးချနေခြင်း (သို့မဟုတ်) စစ်သားများ၏ အထုပ်များထမ်းရန် ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။ သို့သော်လည်း ဖုန်းများ ပိတ်ထားခြင်းကြောင်း မိသားစုဝင်များ စိုးရိမ်ကြောင့်ကြ နေကြသည်။ 

မေယုတောင်ထဲတွင် မြန်မာစစ်တပ်နှင့် AA တို့တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိပြီး ယခုတစ်ပတ်အတွင်း လေးကြိမ်တိတိ ဖြစ်ပွားခဲ့သည်။ 

ဧပြီလ (၂၈) ရက်နေ့တွင် ဖရုံချောင်းကျေးရွာအုပ်စု၊ ဖရုံချောင်းရွာမှ ဦးဟာရှိမ်း (ဘ) ဦးဝါဒူလ္လာ (အသက် ၅၄ နှစ်) သည် မေယုတောင်ထဲတွင် လုပ်ကိုင်လျက်ရှိသည့် မီးသွေးထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရာမှ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။ ယင်းနေ့ ညနေပိုင်းတွင် ဖရုံချောင်းကျေးရွာအုပ်စု၏ အနောက်ဘက် မေယုတောင်ထဲတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တောင်အနီး စားကျက်ရှိ စိုက်ခင်း၌ အလုပ်လုပ်နေသည့် ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၂) မှ မာမတ်ဆော်လိမ်အား ကျည်ဆံထိမှန်ခဲ့သည်။ 

ဦးဟာရှိမ်းကို စစ်သားများက ဖမ်းဆီးထားသည်ဟု ရွာသားများက ယူဆနေကြသည်။ 

မြန်မာစစ်တပ်နှင့် AA တို့သည် ရိုဟင်ဂျာကျေးရွာများအနီးတွင် တိုက်ပွဲများ ဆင်နွဲနေကြသဖြင့် ရိုဟင်ဂျာများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ လုပ်ငန်း ထိခိုက်နေရသည်။ 

ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ရိုဟင်ဂျာများ သေဆုံးရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အိုးအိမ်များ မီးလောင်ဖျက်ဆီးခံရခြင်း၊ အပြစ်မဲ့ရွာသားများ ဖမ်းဆီးခံရခြင်းများ အများအပြားရှိနေသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ