ဘူးသီးတောင်၊ ဖရုံချောင်းမှ ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၂) ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၂) ကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ မေယုတောင်တန်းထဲတွင် ဧပြီလ ၂၈ ရက်နေ့ ည ၆ နာရီခန့်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားနေစဉ် ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၂) ကျေးရွာမှ မာမတ်ဆော်လိမ် (ဘ) ဦးအာဘူဆော်ယာဒ် (အသက် ၂၈ နှစ်) သည် မေယုတောင်တန်း၏ အရှေ့ဘက်ရှိ ၎င်း၏ စိုက်ခင်းထဲတွင် အလုပ်လုပ်လျက်ရှိပြီး၊ ၎င်း၏ ပေါင်ကို ကျည်ဆံနှစ်တောင့် ထိမှန်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ကျည်ဆံထိမှန်သည့် ဒဏ်ရာဖြင့် စိုက်ခင်းထဲမှ ရွာဘက်သို့ ထွက်လာခဲ့သော်လည်း အနည်းငယ်သာ လျှောက်လှမ်းနိုင်ခဲ့ပြီး လယ်ကွင်းတစ်နေရာတွင် လဲကျနေခဲ့သည်။ ၎င်းသည် ယင်းနေရာမှ လူသွားလူလာကို စောင့်မျှော်နေလျက်ရှိခဲ့ပြီး၊ လူသွားလူလာမတွေ့တော့သောကြောင့် အော်ဟစ်၍ အကူအညီတောင်းခံခဲ့ရာ ၎င်း၏ အော်သံကို ရွာသားအချို့ ကြားပြီးနောက် လယ်ကွင်းထဲမှ အသံရှိရာကို ရှာဖွေ၍ ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် ၎င်းကို ထမ်း၍ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။ 

နေအိမ်သို့ ည ၈း၃၀ နာရီတွင် ရောက်ရှိခဲ့ပြီး၊ ညပိုင်းတွင် တိုက်ပွဲများကြောင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ရန် မလွယ်ကူ၍ နေအိမ်တွင်ပင် ထားခဲ့ရသည်။ 

တိုက်ပွဲဖြစ်ပွားစဉ် AA တပ်ဖွဲ့ဝင်များသည် မေယုတောင်ပေါ်တွင် ရှိနေခဲ့ပြီး၊ မြန်မာစစ်တပ်မှ စစ်သားများသည် မေယုတောင်၏ အရှေ့ဘက် တောင်ခြေစားကျက်တွင် ရှိနေခဲ့သည်။ ကျည်ဆံထိမှန်သည့် မာမတ်ဆော်လိမ်သည် စားကျက်ရှိ စိုက်ခင်းတွင် အလုပ်လုပ်နေစဉ် တောင်ပေါ်မှ ပစ်ခတ်သည့် ကျည်ဆံများ ထိမှန်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ