မောင်တော၊ လသာရပ်ကွက်၌ ဓါတ်လိုက်သေဆုံးသူ၏ မိသားစုထံမှ နယ်ထိန်းရဲများက ငွေညှစ်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လသာရပ်ကွက်၊ အောက်ရွာမှ ရွာသားတစ်ဦး ဓါတ်လိုက်သေဆုံးပြီးနောက် ၎င်း၏ မိသားစုဝင်များထံမှ နယ်ထိန်းရဲများက ငွေညှစ်ခဲ့သည်။ 

မောင်တောမြို့နယ်၊ လသာရပ်ကွက်မှ ဦးမိုဟာမတ်ရော်ဖိခ် (ဘ) ဦးရော်ရှိတ်သည် ယင်းရပ်ကွက် အောက်ရွာမှ ဦးမောဂုလ်၏ သမီးဖြစ်သူနှင့် အိမ်ထောင်ပြုပြီးနောက် ယောက္ခမဖြစ်သူ၏ နေအိမ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ 

အသက် ၃၂ နှစ်အရွယ် ဦးမိုဟာမတ်ရော်ဖိခ်သည် ဧပြီလ ၂၃ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင် ၎င်းနေထိုင်လျက်ရှိသည့် နေအိမ်၌ လျှပ်စစ်မီးသီးတပ်ဆင်နေစဉ် ဓါတ်လိုက်၍ သေဆုံးသွားခဲ့သည်။ ဓါတ်လိုက်ပြီးနောက် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့သော်လည်း ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဆေးရုံသို့ရောက်ပြီးနောက် ဆရာဝန်က သေဆုံးသွားပြီဟု ပြောဆိုသောကြောင့် မိသားစုဝင်များက ရုပ်အလောင်းကို နေအိမ်သို့ သယ်ဆောင်သွားခဲ့သည်။ နေအိမ်သို့ ရောက်သည်နှင့် မောင်တောမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးလိုသည်ဟုဆိုကာ ရုပ်အလောင်းကို သယ်ယူသွားခဲ့သည်။ 

နယ်ထိန်းရဲများက အလောင်းကို ဆေးရုံတွင်ထားပြီးနောက် မိသားစုဝင်များထံမှ ငွေကျပ် သိန်း ၂၀ တောင်းခံရာ မိသားစုဝင်များက ငွေမပေးသဖြင့် အလောင်းကို ဆေးရုံတွင် တစ်ညလုံး ထားခဲ့သည်။ ရဲများက ငွေမပေးပါက အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း၊ အိမ်ရှင်ဖြစ်သူကို ထောင်ကျအောင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုခဲ့သည်။ 

ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မိသားစုဝင်များက ငွေထက် ရုပ်အလောင်းကို မြေမြှုပ်သဂြိုဟ်ရန် အရေးကြီးသောကြောင့် နယ်ထိန်းရဲများကို ငွေပေး၍ အလောင်းကို ပြန်ယူခဲ့ရသည်။ 

“ရဲက ငွေမရမချင်း အလောင်းကို ပြန်ပေးဆွဲသလို ယူထားတော့ နောက်ဆုံးမှာ ငွေပေးလိုက်ရတယ်။ တောင်းတုန်းက ငွေ သိန်း ၂၀ တောင်းတာ၊ ပေးတော့ ဘယ်လောက် ပေးလိုက်ရလဲဆိုတာ မသိဘူး။ မိသားစုဝင်တွေကလည်း ကြောက်လို့ ဘယ်လောက် ပေးရလဲဆိုတာ မပြောကြဘူး။ ဒါပေမယ့် ငွေပေးလိုက်ရတာကတော့ သေချာတယ်။ အဲဒါတော့ ကျွန်တော်တို့ အတည်ပြုလို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ဦးမိုဟာမတ်ရော်ဖိခ်၏ ရုပ်အလောင်းကို ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီကျော်တွင် မြေမြှုပ်သဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

“လူတစ်ယောက် ဓါတ်လိုက်ပြီးသေသွားတာကို မိသားစုဝင်တွေက ဝမ်းနည်းပူဆွေးနေချိန်မှာ နယ်ထိန်းရဲတွေက ငွေညှစ်တာတော့ အရမ်းကို ရက်စက်လွန်းတယ်။ လူတစ်ယောက်က မတော်တဆ လျှပ်စစ်မီး ကိုင်မိတယ်၊ မဆင်မခြင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်မယ်။ မမျှော်လင့်ထားဘဲ အသက်ပါဆုံးရှုံးသွားတယ်။

“အခုဖြစ်ရပ်မှာ မိသားစုဝင်တွေမှာ ဘာအပြစ်မှ မရှိဘူး။ အပြစ်မရှိတဲ့ မိသားစုဝင်တွေဆီကနေ ငွေညှစ်တာ ဖော်မပြနိုင်လောက်အောင် ရက်စက်တာပဲ။ ဒါလည်း ရိုဟင်ဂျာဖြစ်လို့ လူမျိုးရေး၊ ဘာသာရေးခွဲခြားပြီး ပစ်မှတ်ထား ငွေညှစ်တာပါ။ ဒီမှာရှိတဲ့ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စတဲ့ လက်နက်ကိုင် အာဏာပိုင်တွေက ရိုဟင်ဂျာတွေအတွက် လူသားစား တောရိုင်းတိရစ္ဆာန်တွေထက်တောင် ကြောက်စရာကောင်းနေတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ