မင်းပြား၊ စမ်ဘာလေကျေးရွာတွင် မြန်မာစစ်တပ်မှ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး သေဆုံး၊ ၉ ဦးဒဏ်ရာရ
ခင်မောင်နိုင် Rohingya Today
သေနတ်ဖြင့်ပစ်သတ်ခံရသည့် အီဆုပ်အာလီ (အသက် ၁၇ နှစ်)

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စမ်ဘာလေကျေးရွာတွင် ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် မြန်မာစစ်တပ်မှ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး သေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိခဲ့သည်။ 

ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် မြန်မာစစ်တပ်မှ ယာဉ်တန်းဖြတ်သန်းသွားစဉ် AA မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ညနေ ၄ နာရီကျော်ခန့်တွင် မြန်မာစစ်တပ်မှ စစ်သားများသည် ကားဖြင့် စမ်ဘာလေရွာကိုကျော်၍ ရာမောင်တံတားသို့ သွားနေစဉ် စမ်ဘာလေရွာနှင့် ရာမောင်တံတားအကြားတွင် မိုင်းဗုံး ၇ လုံး ဖောက်ခွဲခဲ့သည်။ မိုင်းများ ဖောက်ခွဲပြီးနောက် သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ 

မိုင်းဖောက်ခွဲသည့် နေရာအနီးရှိ လယ်ကွင်းတွင် နွားကျောင်းနေသည့် ဆယ်ကျော်သက် ရိုဟင်ဂျာနှစ်ဦးတို့သည် မိုင်းပေါက်ကွဲသံကြောင့် ရွာထဲသို့ ပြေးဝင်နေစဉ် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ အသက် ၁၇ နှစ်အရွယ် အီဆုပ်အာလီ (ဘ) ဦးအာလီအာခ်ဘောရ်သည် ကျည်ဆံထိမှန်ပြီး ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ၎င်းနှင့်အတူရှိနေသည့် အသက် ၁၆ နှစ်အရွယ် မာမတ်ရော်ဟိမ်း (ဘ) ဦးမာမတ်ရှော်ဘီလည်း ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထို့နောက် စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာ စမ်ဘာလေရွာထဲသို့ ကျည်ဆံများကျရောက်ပြီး ရွာသားအချို့ ဒဏ်ရာရရှိခဲ့သည်။ 

“အိမ်ခြံဝင်းထဲမှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်လည်း ကျည်ဆံထိပြီး ဒဏ်ရာရသွားတယ်။ အဲဒီအမျိုးသမီးနဲ့ နောက် လယ်ကွင်းကနေ ရွာထဲကို ပြေးလာတဲ့ ကောင်လေးကိုတော့ ပရဟိတအဖွဲ့က ဆေးရုံကို ပို့ပေးလိုက်တယ်” ဟု ရွာသားတစ်ဦးက ပြောပါသည်။ 

“နှစ်ယောက်စလုံးရဲ့ အခြေအနေကတော့ သိပ်မကောင်းဘူး။ စိုးရိမ်ဖွယ်ရာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

နေအိမ်ခြံဝင်းအတွင်း ကျည်ဆံထိမှန်သည့် အမျိုးသမီးမှာ ဦးဂျီယိုရာမာန်၏ ဇနီး နုရ်ဟာတူ (အသက် ၁၈ နှစ်) ဖြစ်သည်။

မော်လဝီဦးအဒူလာမီးန်၏ နေအိမ်ကို လက်နက်ကြီးထိမှန်ပြီး မိသားစုဝင် (၇) ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများမှာ --

(၁) ဒေါ်ဂုရ်ရှုနား (မော်လဝီဦးအဒူလာမီးန်၏ဇနီး) အသက် ၃၂ နှစ်
(၂) မဘူဟာရီဂျောန္နသ် (ဘ) မော်လဝီဦးအဒူလာမီးန် (အသက် ၁၄ နှစ်)
(၃) နုရ်အာမီးန် (ဘ) မော်လဝီဦးအဒူလာမီးန် (အသက် ၇ နှစ်)
(၄) မိစ်သားနီ (ဘ) မော်လဝီဦးအဒူလာမီးန် (အသက် ၅ နှစ်)
(၅) ဦးရုလ်အာမီးန် (ဘ) ဦးအဒူဟာရှိမ်း (အသက် ၃၀ နှစ်) - (မော်လဝီဦးအဒူလာမီးန်၏ ညီ)
(၆) အဒူဟားဆောင်း (ဘ) ဦးရုလ်အာမီးန် (အသက် ၉ နှစ်)
(၇) အဒူဟာဘဲစ် (ဘ) ဦးရုလ်အာမီးန် (အသက် ၇ နှစ်) တို့ဖြစ်ကြသည်။ 

၎င်းတို့ကို (၇) ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်သားများက ၎င်းတို့လမ်းတွင်တွေ့ရှိခဲ့သည့် ရိုဟင်ဂျာအမျိုးသား (၄) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အမျိုးသား (၄) ဦးမှာ ပိုက်သည်ရွာမှ နှစ်ဦးနှင့် ဆာဒါရွာမှ နှစ်ဦး ဖြစ်ကြောင်းသိရသည်။ ၎င်းတို့ကို စစ်သားများက ကားပေါ်သို့ တင်၍ ခေါ်ဆောင်သွားပြီး၊ ယခုအချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ