စစ်တွေမှ အသက် ၁၃ နှစ်အရွယ် ရိုဟင်ဂျာကလေးတစ်ဦးကို စစ်သားတစ်ဦးက သေနတ်ဖြင့်ပစ်
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သနင်္ဂကျေးရွာအုပ်စုမှ အသက် ၁၃ နှစ်အရွယ် ရိုဟင်ဂျာကလေးတစ်ဦးကို စစ်သားတစ်ဦးက သေနတ်ဖြင့်ပစ်လိုက်သောကြောင့် ဆေးရုံတင်ထားရသည်။ 

ယနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်တွေမြို့၊ သနင်္ဂကျေးရွာအုပ်စု၊ မော်လဝီခြံရွာမှ အသက် ၁၃ နှစ်အရွယ် မောင်ဂျမီလ်သည် သက္ကေပြင်ကျေးရွာမှ ၎င်းနေထိုင်ရာ မော်လဝီခြံရွာသို့ ပြန်နေစဉ် မေယုလမ်းပေါ်မှ ခ.မ.ရ (၈) တပ်ရင်းရှေ့ရှိ သောက်ရေအိုးစဉ်မှ သောက်ရေသောက်ရန် ရပ်နားခဲ့သည်။ 

သောက်ရေအိုးစဉ်မှ သောက်ရေသောက်နေစဉ် စစ်သားတစ်ဦးက ၎င်းကို ခေါ်ရာ အကြောင်းမဲ့ရိုက်နှက်မည်ကို စိုးရိမ်၍ မသွားဘဲ သောက်ရေအိုးစင် နေရာမှ အမြန်ထွက်ခွာရန် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်တွင် စစ်သားဖြစ်သူက ၎င်း၏ ဒူးထောက်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

မောင်ဂျမီလ် သေနတ်ဖြင့် ပစ်ခတ်ခံရသည့်နေရာ
မောင်ဂျမီလ် သေနတ်ဖြင့် ပစ်ခတ်ခံရသည့်နေရာ

“စစ်သားက ကောင်လေးကို ခေါ်တော့ ရိုက်မှာစိုးလို့ ကြောက်ပြီး မသွားဘူး။ ရေသောက်ပြီး ပြန်ထွက်ဖို့ လုပ်နေတဲ့အချိန် စစ်သားက ဘာမှ မပြောဘဲ သေနတ်နဲ့ ပစ်လိုက်တယ်။ ဒူးခေါင်းမှာ ကျည်ဆံထိပြီး ဒဏ်ရာတော့ ပြင်းထယ်” ဟု ၎င်းကဆိုသည်။ 

အခင်းဖြစ်ပွားပြီးနောက် သေနတ်သံကြောင့် တပ်ရင်းမှူးရောက်ရှိလာပြီး သေနတ်ဒဏ်ရာရရှိထားသည့် ကလေးကို စစ်တွေမြို့ရှိ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဒဏ်ရာရရှိသူ မောင်ဂျမီလ်ကို စစ်ဆေးရုံတွင် ဆေးကုသပေးထားပြီး၊ အခြေအနေကောင်းမွန်စွာ ရှိနေကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ