ဘူးသီးတောင်၊ စေတီတောင်မှ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရခိုင်တစ်ဦးက ဓါးဖြင့်ခုတ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာအုပ်စုမှ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရခိုင်ရွာမှ ရခိုင်တစ်ဦးက အကြောင်းမဲ့ ဓါးဖြင့်ခုတ်၍ ထွက်ပြေးသွားခဲ့သည်။ 

ဧပြီလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာအုပ်စု၊ ရိုဟင်ဂျာရွာမှ မိုဟာမတ်တူဟား (ဘ) ဦးဆော်လိမ် (အသက် ၆ နှစ်) သည် အဖိုးဖြစ်သူ၏ နေအိမ်မှ ၎င်း၏ အိမ်သို့ ပြန်သွားနေစဉ် စေတီတောင်ကျေးရွာအုပ်စု၊ ရခိုင်ရွာမှ မောင်ညွန်း (ဘ) ဦးမောင်သာထွန်း (အသက် ၃၃ နှစ်ခန့်) က ကလေးငယ်ကို အကြောင်းမဲ့ ဓါးဖြင့်ခုတ်ခဲ့သည်။ 

“မောင်ညွန်းဆိုတဲ့လူက ဓါးတစ်လက်ကိုင်ပြီး ရိုဟင်ဂျာရွာဘက်ကနေ ရခိုင်ရွာကို သွားနေတာလို့ သိရတယ်။ အဲဒီအချိန်မှာ ကလေးငယ်ကိုတွေ့တော့ ဘာအကြောင်းပြချက်မှ မရှိဘဲ အကြောင်းမဲ့ ဓါးနဲ့ ခုတ်လိုက်တာပါ” ဟု ရွာသားတစ်ဦးက Rohingya Today သို့ပြောသည်။ 

ကလေးငယ်ကို ဓါးဖြင့် ခုတ်နေသည်ကို မနီးမဝေးရှိ လမ်းဘေးတစ်နေရာတွင် အလုပ်လုပ်နေသည့် ရိုဟင်ဂျာလူငယ်တစ်ဦးက တွေ့ရှိပြီး အော်ဟစ်အကူအညီတောင်းရာ ရွာသားများ ထွက်လာခဲ့သည်။ ရွာသားထွက်လာသည်နှင့် တပြိုင်နက် ဓါးဖြင့်ခုတ်သူ မောင်ညွန်း ထွက်ပြေး၍ ရခိုင်ရွာထဲသို့ ဝင်သွားကြောင်း ရိုဟင်ဂျာရွာမှ ရွာသားများက ပြောပါသည်။ 

“ဘယ်ဖက်နားရွက် အထက်က နှစ်လက်မခွဲလောက် ဓါးနဲ့ ခုတ်ခံလိုက်ရတယ်” ဟု ကလေးငယ်၏ ဦးခေါင်းမှ ဒဏ်ရာကို တွေ့ရှိသူတစ်ဦးက ပြောသည်။

ကလေးငယ်၏ မိသားစုက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့သို့ ချက်ချင်းတိုင်တန်းပြီးနောက် ရခိုင်ရွာမှ လူကြီးအချို့ရောက်ရှိလာပြီး ကလေးငယ်ကို ကြည့်ရှုကာ ပြဿနာ မပြုလုပ်ရန်၊ ၎င်းတို့ ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ ဓါးဖြင့်ခုတ်သူကို အရေးယူမယ် ဖြစ်ကြောင်း နှစ်သိမ့်စကားပြောဆို၍ ထွက်ခွာသွားခဲ့ကြသည်။ 

စေတီတောင်တိုက်နယ်ဆေးရုံကို ပိတ်ထားသောကြောင့် ကလေးငယ်၏ အဖိုးဖြစ်သူက ကလေးငယ်ကို ဘူးသီးတောင်ဆေးရုံ ခေါ်ဆောင်သွားခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသန်းထွန်းက မတရားသဖြင့် ဓါးဖြင့်ခုတ်သူကို အရေးယူနိုင်ရန် ဆောင်ရွက်မပေးသည့်အပြင် ဆေးရုံသို့ ခေါ်ဆောင်သွားသည့် အဖိုးဖြစ်သူကို ညနေပိုင်းတွင် ဖုန်းဆက်၍ ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။ 

“အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာမဖြစ်အောင် နှစ်ဖက် ဆွေးနွေးညှိနှိုင်း ဖြေရှင်းရမယ့်အစား ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ပြစ်မှုကျူးလွန်ခံရသူတွေကို ခြိမ်းခြောက်တာက ပြဿနာဖြစ်အောင် မီးမွှေးပေးနေတာ အတူတူပဲ” ဟု ရွာသားတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ