ဘူးသီးတောင် ဖရုံချောင်းမှ ပျောက်ဆုံးသွားသူကို ချောင်း၌ အသေတွေ့ရှိ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ ဖရုံချောင်းရွာမှ ဦးအဒူလ္လာ (ဘ) ဦးအာမီးရ်ဟူစိန်း (အသက် ၃၂ နှစ်) သည် မတ်လ (၁၄) ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ပြီး၊ မတ်လ (၁၈) ရက်နေ့တွင် ၎င်းကို ဖရုံချောင်းကျေးရွာနှင့် ငှက်ပျောချောင်းကျေးရွာကြားရှိ ချောင်းနှင့် လယ်ကွင်းတွင် အသေတွေ့ရှိခဲ့သည်။ 

“သူ့ရဲ့ လည်ပင်းကို လှီးဖြတ်ထားပြီး၊ ဦးခေါင်းနဲ့ ကိုယ်ကို တစ်ပိုင်းစီ သီးခြားတွေ့ရတယ်” ဟု အလောင်းကို တွေ့ရှိခဲ့သူတစ်ဦးက Rohingya Today သို့ပြောသည်။ 

ဦးအဒူလ္လာသည် မတ်လ (၁၄) ရက်နေ့တွင် နေအိမ်မှ ထွက်သွားပြီးနောက် နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိဘဲ မတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ ခန္ဓာကိုယ်ကို ဖရုံချောင်းကျေးရွာအုပ်စုနှင့် ဂူတာပြင်ကျေးရွာအုပ်စု၊ ငှက်ပျောချောင်း ကျေးရွာကြားရှိ ချောင်းတွင် တွေ့ရှိခဲ့ပြီး၊ ဦးခေါင်းကို မြောက်ဘက် ပေ ၁၀၀ ခန့်အကွာ လယ်ကွင်းတွင် တွေ့ရှိခဲ့သည်။ 

ရုပ်အလောင်းကို တွေ့ရှိပြီးနောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ ထို့နောက် ရုပ်အလောင်းကို ဘူးသီးတောင် ဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်။ 

“အလောင်းကို တွေ့တဲ့အချိန်မှာ ခန္ဓာကိုယ်က ပျက်စီးနေပြီ။ အရိုးတွေသာ ကျန်ပြီး ပုပ်ပွနေတဲ့ အသား နည်းနည်းပဲ ကျန်တော့တယ်။ ခန္ဓာကိုယ်ကို အက်ဆစ်လောင်းထားတယ်လို့ ယူဆရတယ်။ အဒူလ္လာက ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ ဂူတာပြင်ဘက်ကို သွားတာကနေ ပြန်ရောက်မလာတော့တာ။ ကျွန်တော်တို့ ထင်တာကတော့ နေဝင်ပြီးချိန်မှာ ဂူတာပြင်ကနေ ငှက်ပျောချောင်းရွာကို ဖြတ်ပြီး ပြန်လာချိန်မှာ ရခိုင်အစွန်းရောက်တွေက သတ်လိုက်တာလို့ ယူဆတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။ 

ဂူတာပြင်ကျေးရွာမှ ဖရုံချောင်းရွာသို့ သွားလိုလျှင် ငှက်ပျောချောင်းကို ဖြတ်၍ သွားရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ