ဘူးသီးတောင်၊ ညောင်ချောင်းဈေးရှေ့ရှိ ရိုဟင်ဂျာပိုင် မြေပေါ်တွင် ရခိုင်တစ်ဦးက ခွင့်ပြုချက်မပါဘဲ ဆိုင်ခန်းဆောက်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေ၊ ဖုရားပြင်အောင်ပကျေးရွာရှိ ရိုဟင်ဂျာပိုင်မြေပေါ်တွင် ရခိုင်တစ်ဦးက ခွင့်ပြုချက်မပါဘဲ ကျူးကျော်၍ ဆိုင်ခန်း ဆောက်လုပ်သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေ၊ ဖုရားပြင်အောင်ပကျေးရွာရှိ ညောင်ချောင်းဈေးသည် ရိုဟင်ဂျာများက ၎င်းတို့၏ ကိုယ်ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် ပုဂ္ဂလိကဈေးဖြစ်သည်။ ဈေးဆောက်လုပ်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ လူမျိုးဘာသာမရွေး အေးချမ်းစွာ ရောင်းဝယ် ဖောက်ကားပြီး ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေ။

ယခုနှစ် မတ်လတွင် ဖုရားပြင်အောင်ပကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး (ခ) ကျော်စိန်ထွန်း၏ ယောက်ဖတော်စပ်သူ၊ အထက်ကျွဲကြိုမော်ကျေးရွာမှ ဦးမောင်ညွန့်က ဈေး၏ အနောက်ဘက်လမ်းနှင့် ကပ်လျက်ရှိသော ဈေးကောက်အဖွဲ့ ပိုင်ဆိုင်သော မြေပေါ်တွင် ခွင့်ပြုချက်မပါဘဲ အလျား ၁၂ ပေ၊ အနံ ၁၀ ပေခန့်ရှိသော ဆိုင်ခန်းတစ်ခန်း ကျူးကျော် ဆောက်လုပ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

A Rakhine has built a shop on Rohingya land

ဈေးကောက်အဖွဲ့က ၎င်းတို့ ပိုင်ဆိုင်သောမြေပေါ်တွင် ခွင့်ပြုချက်မပါဘဲ ဆောက်လုပ်သောကြောင့် မဆောက်လုပ်ရန် ကန့်ကွက်ပြောဆိုသော်လည်း ကျူးကျော်ဆောက်လုပ်သူက ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် ရယူ၍ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြန်ပြောသည်။ 

မြို့နယ်အုပ်ချုပ်ရေးမှူး ထံမှ ဆောက်လုပ်ခွင့် တောင်းခံခဲ့ခြင်းနှင့် ပတ်သက်၍ “ကျူးကျော်ပြီး ဆိုင်ခန်း ဆောက်တဲ့ ဦးမောင်ညွန့်က ညောင်ချောင်းဈေးထဲမှာ လောင်စာဆီ ရောင်းဖို့ အခက်အခဲ ဖြစ်နေလို့ ဈေးအပြင်ဘက် လမ်းမှာ ယာယီ လောင်စာဆီ ဆိုင်ခန်း ဆောက်လုပ်ခွင့်ပြုဖို့ ဆိုပြီး လိမ်လည်ပြီး လျှောက်ထားတယ်။ အဲဒါကို မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း မစိစစ်ဘဲ ခွင့်ြ့ပုခဲ့တာ” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။ 

“မြို့နယ်အုပ်ချုပ်ရေးမှူးက လမ်းပေါ်မှာ ယာယီဆိုင်ခန်း ဆောက်ဖို့ ခွင့်ပြုပေမယ့်လည်း ဦးမောင်ညွန့်က ဈေးကောက်အဖွဲ့ ပိုင်တဲ့မြေမှန်းသိရက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးရဲ့ ယောက်ဖဆိုပြီး ပါဝါပြပြီး သူဆောက်ချင်တဲ့ နေရာမှာ ဆောက်လုပ်လိုက်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။ 

မြို့နယ်အုပ်ချုပ်ရေးမှူး၏ မဆင်မခြင် ခွင့်ပြုချက်ကြောင့် လူမျိုးပေါင်းစုံ အေးချမ်းစွာ ရောင်းဝယ် ဖောက်ကားနေသော ညောင်ချောင်းဈေး၏ တည်ငြိမ်မှု ပျက်ပြားလာမည်ကို ဒေသခံများက အထူးစိုးရိမ်နေကြသည်။ 

“မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ သူ့ရဲ့အမှားကြောင့် ကျူးကျော်ခံတဲ့ မြေကို ပြန်ရအောင် လုပ်ပေးဖို့ တာဝန်ရှိတယ်။ အခုကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တစ်ရွာလုံး တောင်းဆိုတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ