ဘူးသီးတောင်မှ ယာဉ်ထိန်းရဲများက ရိုဟင်ဂျာများကို လူမျိုးရေးခွဲခြားပြီး ဖိနှိပ်နေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ယာဉ်ထိန်းရဲများက ဘူးသီးတောင် နယ်ပိုင်းမှ ဆိုင်ကယ်၊ သုံးဘီးတက္ကစီများ မောင်းနှင်၍ မြို့ပေါ်သို့ ရောက်ရှိလာသော ရိုဟင်ဂျာများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး ငွေညှစ်သည်။

ယာဉ်ထိန်းရဲများသည် ဈေး၊ ခွဆုံ၊ လူစည်ကားနေရာများနှင့် မြို့အဝင်လမ်းများတွင် နေ့စဉ် စောင့်ဆိုင်းပြီး နယ်ပိုင်းမှ တက်လာသည့် ဆိုင်ကယ်၊ သုံးဘီးတက္ကစီ (CNG) မောင်းနှင်သည့် ရိုဟင်ဂျာများကို ခေါ်ယူပြီး ဆိုင်ကယ်စီးဦးထုပ်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ မှန်၊ ဘေးမီး စသည်တို့ကို နည်းမျိုးစုံဖြင့် စစ်ဆေးပြီး အပြစ်မရှိ အပြစ်ရှာကာ ငွေညှစ်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ မောင်းနှင်သူက ဗုဒ္ဓဘာသာဝင်ဖြစ်ပါက မေးမြန်းခြင်းပင် မပြုလုပ်ပေ။

ယာဉ်ထိန်းရဲများက မတရားသဖြင့် ငွေညှစ်သောကြောင့် နယ်ပိုင်းမှ ရိုဟင်ဂျာများသည် ဘူးသီးတောင်မြို့ပေါ်သို့ ဆိုင်ကယ်၊ သုံးဘီးတက္ကစီများဖြင့် မလာကြတော့သဖြင့် ယာဉ်ထိန်းရဲများသည် ဖန်ဇီချောင်း တံတားကို ကျော်လွန်၍ နန်းရာကုန်း၊ ကတို့ဆိပ်၊ ခွန်တိုင် စသည့်ကျေးရွာများထိ သွားရောက်၍ လမ်းဘေးတစ်နေရာတွင် ပုန်းခိုကာ လမ်းပေါ်မှ မောင်းနှင်သွားသည့် ယာဉ်များကို စစ်ဆေး၍ ခြိမ်းခြောက် ငွေညှစ်လျက်ရှိသည်။ 

“ငွေညှစ်တာလည်း နည်းနည်းပါးပါး မဟုတ်ဘူး။ သိန်းနဲ့ချီ ညှစ်တာ။ လွယ်လွယ်ကူကူ မထုတ်ပေးရင် ထိုးကြိတ်ကန်ကျောက်တယ်။ သူတို့က လူတွေကို တိရိစ္ဆာန်လို ဆက်ဆံတော့ ကြောက်ပြီး ငွေထုတ်ပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ယာဉ်ထိန်းရဲများက ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်နေခြင်းကြောင့် နယ်ပိုင်းမှ ရိုဟင်ဂျာများသည် မြို့ပေါ်သို့ သွားရောက်၍ ရောင်းဝယ် ဖောက်ကားရန်၊ အခြားလိုအပ်သည့်ကိစ္စများ ဆောင်ရွက်ရန် အခက်ကြုံနေရသည်။ 

မတ်လ (၄) ရက်နေ့တွင် အမှတ် (၁) ရပ်ကွက်မှ ယာဉ်နောက်လိုက် ဦးနုရ်မားယား ဆိုသူသည် ၎င်းအလုပ်လုပ်နေသည့် ကားကို ပိုင်ရှင်အိမ်မှ လမ်းပေါ်သို့ မောင်းနှင်ယူဆောင်လာစဉ် ကလေးငယ်တစ်ဦးက ကားကို စက်ဘီးဖြင့် ဝင်တိုက်သည်ကို ယာဉ်ထိန်းရဲက တွေ့ရှိသွားခဲ့သည်။ ယာဉ်ထိန်းရဲက တွေ့ရှိသည့်အတိုင်း အမှန်မပြောဘဲ ကားက စက်ဘီးကို ဝင်တိုက်သည်ဟု ပြောင်းပြန်ပြောဆိုကာ စက်ဘီး အနည်းငယ် ထိခိုက်သွားသည်ကို အကြောင်းပြ၍ ယာဉ်နောက်လိုက် ဦးနုရ်မားယား ထံမှ ငွေကျပ် သိန်း ၂၀ ညှစ်ယူခဲ့သည်။ ယာဉ်နောက်လိုက်မှာ ဆင်းရဲသားတစ်ဦး ဖြစ်သောကြောင့် ငွေကျပ် သိန်း ၂၀ ကို ဆွေမျိုးသားချင်းများထံမှ ချေးငှား၍ ပေးခဲ့ရသည်။ 

မတ်လ (၃) ရက်နေ့တွင်လည်း မောင်တောမြို့နယ်မှ မှန်လုံကားအနီတစ်စီးသည် နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိလာစဉ် ယာဉ်ထိန်းရဲများက စစ်ဆေးရာ ယာဉ်လိုင်စင် သက်တမ်းကုန်ဆုံးသွားသည်ကို တွေ့ရှိပြီး ယာဉ်မောင်းကို လက်ထိပ်ခတ်ဖမ်းဆီး ချုပ်နှောင်ပြီးနောက် ငွေကျပ် ၁၅ သိန်း တောင်းခံခဲ့သည်။ ယာဉ်မောင်းက ၎င်းတွင်ရှိသည့် ငွေကျပ် ကိုးသောင်းကို ပေး၍ လွှတ်ပေးရန် တောင်းဆိုသော်လည်း လွှတ်မပေးသဖြင့် ညနေပိုင်းတွင် ကကျက်ဘက်ကံပြင်မှ ဆွေမျိုးတစ်ဦးထံ ဖုန်းဆက်ပြီး ငွေကျပ် ၈ သိန်း ချေးငှား၍ ယာဉ်ထိန်းရဲများကို ပေးခဲ့ရသည်။ 

ဘူးသီးတောင်မြို့နယ်တွင် အဓိက သောင်းကျန်းနေသည့် ယာဉ်ထိန်းရဲများမှာ ဒုရဲအုပ်မျိုးဘို၊ တပ်ကြပ်ထွန်းထွန်းဦး၊ တပ်သားနေမင်းထွန်း၊ တပ်သားတင်ဝင်း တို့ဖြစ်ကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ