မောင်တောမြို့၌ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများဖြင့် ဖမ်းဆီးရမိသော ကားကို စ.ရ.ဖ က အသုံးပြုနေ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းရပ်ကွက်ရှိ မောင်တော - အလယ်သံကျော် ကားလမ်းတွင် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများဖြင့် ဖမ်းဆီးရမိသည့်ကားကို စ.ရ.ဖ က အသုံးပြုလျက်ရှိသည်။ 

မတ်လ (၇) ရက်နေ့ ညပိုင်းတွင် မြို့မကညင်တန်းရပ်ကွက်ရှိ မောင်တော - အလယ်သံကျော် ကားလမ်းတွင် ရပ်ထားသည့် ခဲရောင်မှန်လုံကားတစ်စီးကို တွေ့ရှိခဲ့သည်။ မတ်လ (၈) ရက်နေ့  ညနေပိုင်းထိ ကားပိုင်ရှင်ကို မတွေ့ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရဲစခန်းသို့ တိုင်တန်းခဲ့သည်။ ထို့နောက် မောင်တောရဲစခန်းမှ နယ်ထိန်း ရဲအုပ်အောင်သူရအပါအဝင် ရဲတပ်ဖွဲ့ဝင်များ လာရောက်ကြည့်ရှုပြီး၊ ယင်းကားကို လွန်ခဲ့သည့် တစ်ပတ်ခန့်က WY စိတ်ကြွဆေးပြားများဖြင့် ရန်ကုန်မှ မောင်တောသို့ ထွက်လာသည်ဟု ရဲတပ်ဖွဲ့က သတင်းအတိအကျ ရ၍ လိုက်ရှာနေခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ရဲတပ်ဖွဲ့ဝင်များက ကားသော့ကို ဖျက်၍ စစ်ဆေးရာ ကားအောက်ဘက်တွင် လျှို့ဝှက်သေတ္တာသဖွယ် ပြုလုပ်ထားသည့် နေရာတစ်ခုကို တွေ့ရှိခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ကားကို ရဲစခန်းသို့ ယူဆောင်သွားသည်။

ရဲတပ်ဖွဲ့ဝင်များက မောင်တော - စစ်တွေ ကားလမ်းရှိ စစ်ဆေးရေးဂိတ်များသို့ ဆက်သွယ်ကာ ယင်းကားနှင့် ပတ်သက်၍ မည်သည့်အချိန်က မောင်တောမြို့ဘက်သို့ မောင်းနှင်သွားကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်တို့၏ အမည်များ စသည့်မှတ်တမ်းများကို မေးမြန်းရာ ဂိတ်စခန်းများက ၎င်းတို့၏ ဂိတ်များမှ ဖြတ်၍ မောင်းနှင်သွားခြင်း မရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ 

မောင်တော - စစ်တွေ - ရန်ကုန် ကားလမ်းရှိ စစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းမောင်းနှင်သည့် ကားများမှ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်များ၏ အမည်များ၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်တို့ကို အသေးစိတ် မှတ်တမ်းတင်ကြသည်။ 

မောင်တောမြို့ခံတစ်ဦးက “ကားက စစ်ဆေးရေးဂိတ်တွေကနေ ဖြတ်လာတာ မှတ်တမ်းမရှိဘူးဆိုတော့ အဲဒီကားက ရန်ကုန်ကနေ မောင်တောထိ ဘယ်လို ရောက်လာတာလဲ။ မတ်လ ၉ ရက်နေ့မှာ အဲဒီကားကို စ.ရ.ဖ က စီးနေတာ မြင်လိုက်ရတယ်” ဟု ပြောသည်။ 

ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့်ကားကို နောက်နေ့တွင် စ.ရ.ဖ မှ စီးနေသည်ကို မြင်တွေ့ရသည်မှာ အံ့သြစရာကောင်းသော်လည်း ယင်းကားမှာ စ.ရ.ဖ အကြီးအကဲ သို့မဟုတ် စစ်တပ်မှ အကြီးအကဲတစ်ဦး၏ ကားဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

အကြီးအကဲတစ်ဦး၏ ကားဖြစ်သောကြောင့် ရန်ကုန်မှ မောင်တောမြို့သို့ မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ်များက မှတ်တမ်းမတင်ခြင်း ဖြစ်သည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေစိုက် တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ ကွပ်ကဲရေးမှူး စသော အရာရှိကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များက ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများမှ WY စိတ်ကြွ ဆေးပြားများကို ဘူးသီးတောင်၊ မောင်တောမြို့များသို့ သယ်ဆောင်လာပြီး ရောင်းချကြသည်။ 

“ဒီမှာတော့ တကယ့်ဒိုင်ကြီးကြီးတွေက အစိုးရလက်နက်ကိုင်အဖွဲ့တွေက အရာရှိကြီးတွေပဲ။ သူတို့က သယ်လာတယ်။ ပြီးရင် ဒေသခံ လုပ်ငန်းရှင်တွေကို ပြန်ရောင်းတယ်။ အဲဒီလုပ်ငန်းရှင်တွေနဲ့ သူတို့နဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေလိုပဲ။ လုပ်ငန်းရှင်တွေရဲ့ အိမ်တွေကို အပွင့်ကြီးသမားတွေ ဝင်ထွက်နေတာ တွေ့ရတယ်” ဟု WY လုပ်ငန်းလုပ်ကိုင်သူများကို အမြဲစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။ 

“အဲဒီလုပ်ငန်းရှင်တွေက အရာရှိကြီးတွေနဲ့ လုပ်ငန်းစပ်တူ လုပ်နေကြတော့ သူတို့ လုပ်ငန်းကို ပေါ်ပေါ်တင်တင် လုပ်လာတဲ့အပြင် သာမာန်လူတွေရှေ့ ရှင်ဘုရင်ပုံစံမျိုးတွေပါ လုပ်ပြီး၊ လူတွေကို လူလိုတောင် မမြင်ကြတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ