မောင်တော၊ အမှတ် (၅) ရပ်ကွက်မှ နေအိမ်မီးရှို့ခံရသူများကို မူလနေရာတွင် နေရာပြန်ချထားပေးရန် စီစဉ်သော်လည်း ရခိုင်များက ကန့်ကွက်သည့်အတွက်ကြောင့် မူလနေရာပြန်မရ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်မှ နေအိမ်မီးရှို့ခံရသည့် ရိုဟင်ဂျာများကို မူလနေရာတွင် နေရာပြန်လည်ချထားပေးရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ စီစဉ်သော်လည်း ရခိုင်များ၏ ကန့်ကွက်မှုကြောင့် မူလနေရာ ပြန်မရ ဖြစ်နေသည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်စဉ် နောက်ပိုင်းတွင် စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဘာသာရေး အစွန်းရောက်သူများ ပူးပေါင်း၍ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များရှိ ရိုဟင်ဂျာရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စများကို လုယက်ယူဆောင်သွားခြင်း၊ အပြစ်မဲ့ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။ 

ထိုသို့ မီးရှို့ဖျက်ဆီးရာတွင် မောင်တောမြို့နယ်၊ အမှတ် (၅) ရပ်ကွက် (ရွာသစ်ကေရပ်ကွက်) မှ ရိုဟင်ဂျာ နေအိမ် ၄၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ အမှတ် (၃) ရပ်ကွက်မှ မြို့ဦးရိုဟင်ဂျာရွာနှင့် အမှတ် (၄) ရပ်ကွက်မှ ကာလာမ်ဘော်ရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။ 

အမှတ် (၅) ရပ်ကွက်မှ မီးရှို့ဖျက်ဆီးခံရသူများထဲမှ မိသားစု အနည်းငယ်သာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလျက်ရှိပြီး၊ အိမ်ထောင်စု ၃၃၃ စု သည် အမှတ် (၅) ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများတွင် နေထိုင်လျက်ရှိကြသည်။ 

၂၀၁၉  ခုနှစ်တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ကြိုင်က အိမ်များ မီးရှို့ခံရသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခြင်းမရှိဘဲ နိုင်ငံတွင်း ကျန်ရှိနေသူများကို မီးလောင်ပြင်ရှိ ၎င်းတို့၏ မူလနေရာများတွင် ပြန်လည်နေရာချထားပေးမည်ဟု ဆိုကာ အမှတ် (၅) ရပ်ကွက်မှ မီးလောင်ပြင်ကို နှစ်ကြိမ်တိုင်တိုင် တွက်ချက် တိုင်းတာခဲ့သည်။ မီးလောင်ပြင်မှ တစ်ဝက်ခန့် လမ်း၏ မြောက်ပိုင်း၌ အိမ်ထောင်စု ၃၃၃ စုကို နေရာချထားပေးရန် စီစဉ်ပြီး ကျန်သည့်တစ်ဝက်ကို ရခိုင်ရွာ တည်ရန် စီစဉ်ခဲ့သည်။

လမ်း၏ မြောက်ပိုင်းရှိ မြေကို တိုင်းတာပြီး မြေတစ်ကွက်လျှင် အလျား ပေ ၆၀၊ အနံ ပေ ၄၀ ဖြင့် မြေကွက် ၃၂၁ ကွက် ရရှိခဲ့သဖြင့် ကျန်သည့် အိမ်ထောင်စု ၁၂ စုကို အမှတ် (၅) ရပ်ကွက် အနောက်ရွာ၏ မြောက်ဘက်ရှိ လယ်ကွင်း၌ နေရာချထားပေးမည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ကြိုင်က ပြောကြားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။  

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ကြိုင်သည် မောင်တောမြို့နယ်မှ အခြားမြို့နယ်တစ်ခုသို့ တာဝန်ဖြင့် ပြောင်းရွှေ့သွားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးသစ် ဦးငွေထွန်း ရောက်ရှိလာခဲ့သည်။ ဦးမြင့်ကြိုင်လက်ထက်တွင် နှစ်ကြိမ်တိုင်တိုင် တိုင်းတာပြီး ပြန်လည်နေရာချထားပေးရန် စီမံခဲ့သော်လည်း အုပ်ချုပ်ရေးမှူးသစ် ဦးငွေထွန်းကလည်း ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကို ခေါ်၍ ယင်းရပ်ကွက်မှ မီးရှို့ခံရသော အိမ်ထောင်စုများကို မူလနေရာတွင် နေရာပြန်လည် ချထားပေးရေးကို ရခိုင်များက ကန့်ကွက်နေသဖြင့် မောင်တောမြို့နှင့် ၆ မိုင်ခန့် ကွာဝေးသော မောင်တောမြို့နယ် မြောက်ပိုင်း၊ နွားရုံတောင် ကျေးရွာ၌သာ နေရာချပေးနိုင်မည်ဟု အသိပေးခဲ့သည်။ 

ဦးငွေထွန်း ပြောကြားသည်ကို ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က ရပ်ကွက်သူရပ်ကွက်သားများကို ပြန်လည် ပြောကြားရာ၊ မီးရှို့ခံရသည့် အိမ်ထောင်စုများက မူလနေရာမှ အပ မည်သည့်ကိုမှ သွားရောက်၍ ပြန်လည် အခြေချခြင်း ပြုလုပ်နိုင်မည်ဟု မဟုတ်ဟု ပြန်လည် တင်ပြခဲ့ကြသည်။ 

လက်ရှိ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ၂၀၁၆ ခုနှစ် ဖြစ်စဉ်နောက်ပိုင်းတွင် အမှတ် (၅) ရပ်ကွက်မှ ရိုဟင်ဂျာ မိသားစု ၅ စု ပိုင်ဆိုင်သော နေအိမ်များကို ဖြိုဖျက်၍ ကျူးကျော်ပြီး ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ မိသားစု ၅ စုသည် ၎င်းတို့နှင့် ကပ်လျက်ရှိသည့် ရခိုင်လူမျိုးအိမ်များက ပြဿနာရှာမည်ကို ကြောက်ရွံ၍ ရပ်ကွက်ထဲရှိ လုံခြုံသော နေရာသို့ ပြောင်းရွှေ့ ခိုလှုံနေစဉ် ၎င်းတို့ကို ၎င်းတို့၏ နေအိမ်များသို့ ပြန်ခွင့် မပေးဘဲ အိမ်များကို ဖြိုဖျက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ မိသားစု ၅ စု သည် ၎င်းတို့၏ နေအိမ်များတွင် ပြန်လည် နေထိုင်ခွင့် မရသောကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရသည်။ 

အမှတ် (၃) ရပ်ကွက်မှ မီးရှို့ခံရသည့် မြို့ဦးရွာသားအချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလျက်ရှိပြီး၊ အများစုမှာ မြို့ဦးရွာ၏ အရှေ့မြောက်ဘက် ချောင်းတစ်ဖက်ကမ်းရှိ ရိုဟင်ဂျာရွာတွင် ခိုလှုံလျက်ရှိသည်။ 

လွန်ခဲ့သည့် သီတင်းပတ်က အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်သည် ချောင်းတစ်ဖက်ကမ်းရှိ ရိုဟင်ဂျာရွာသို့ သွားရောက်၍ မြို့ဦးရွာ မီးလောင်ပြင်တွင် ဘုန်းကြီးကျောင်း ဆောက်လုပ်မည် ဖြစ်၍ မြို့ဦးရွာသားများကို ချောင်းတစ်ဖက်ကမ်းရှိ ရိုဟင်ဂျာရွာ၏ အရှေ့နှင့် မြောက်ဘက် လယ်ကွင်း၌ နေရာချပေးမည်ဟု ပြောဆိုခဲ့သည်။ မီးရှို့ခံရသည့် ရွာသားများက မိမိတို့ အနေဖြင့် မိမိတို့၏ မူလနေရာတွင်သာ ပြန်လည် နေထိုင်လိုသည်ဟု တင်ပြခဲ့သည်။ 

အမှတ် (၄) ရပ်ကွက် ကာလာမ်ဘော်ရွာတွင် အိမ်ခြေ ၆၀ ခန့်ရှိခဲ့သည်။ ၎င်းတို့ကို အမှတ် (၅) ရပ်ကွက်၏ အရှေ့ဘက်ရှိ လယ်ကွင်း၌ နေရာချပေးမည်ဟု ပြောဆိုခဲ့သည်။ ရိုဟင်ဂျာတစ်ဦးတစ်ယောက်ကမှ ၎င်းတို့၏ မူလနေရာမှအပ အခြားနေရာသို့ သွားရောက် အခြေချရန် ဆန္ဒမရှိပေ။ နေရာချပေးမည်ဟု ပြောဆိုနေသည့် လယ်ကွင်းများမှာ ရိုဟင်ဂျာပိုင် လယ်ကွင်းများသာ ဖြစ်သည်။ 

အစိုးရအာဏာပိုင်များက မူလနေရာတွင် နေရာချပေးမည်ဟု ပြောဆိုနေသော်လည်း တကယ်တမ်း နေရာချရေးကို လုပ်ဆောင်နေသကဲ့ ဟန်ပြသာ လုပ်ပြလျက်ရှိပြီး၊ ရိုဟင်ဂျာများ၏ မူလနေရာများကို သိမ်းဆည်း၍ အခြားကိစ္စရပ်များအတွက် အသုံးပြုရန် ကြံစည်နေသည်ကို ကွက်ကွက်ကင်းကင်း မြင်နေရသည်။ 

ဖေဖော်ဝါရီလ နောက်ဆုံးပိုင်းတွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက မောင်တောမြို့နယ်တွင်း အိမ်မီးရှို့ခံရသော်လည်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခြင်းမရှိဘဲ နိုင်ငံတွင်း ဆက်လက်နေထိုင်နေလျက်ရှိသည့် ကျေးရွာ ၅ ရွာမှ လူများကို အိမ်ဆောက်လုပ်ရန် ထောက်ပံ့ကြေး ၂၅၂၅၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့သည်ဟု ပြောဆိုနေသော်လည်း ကျေးရွာ ၄ ရွာမှ လူများကိုသာ ထောက်ပံ့ကြေးများ ထုတ်ပေးပြီး၊ ဘဂုံးနား (တပ်ဦးချောင်း) မှ လူများကို ယခုအချိန်ထိ ထုတ်ပေးခြင်း မရှိသေးပေ။

အမှတ် (၅) ရပ်ကွက်မှ လူများကိုလည်း ယခုအချိန်ထိ အိမ်များဆောက်လုပ်ရန် ထောက်ပံ့ကြေး ထုတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ