မြောက်ဦး၊ ပေါင်းတုတ်၌ ဖြစ်ပွားသည့် စစ်တပ်နှင့် AA တို့အကြားတိုက်ပွဲတွင် ရိုဟင်ဂျာ ၁၀ ဦး ဒဏ်ရာရ
ခင်မောင်နိုင် Rohingya Today

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာ၌ မတ်လ (၁၃) ရက်နေ့က ဖြစ်ပွားသည့် စစ်တပ်နှင့် AA တို့အကြားတိုက်ပွဲတွင် ကလေး ၄ ဦး အပါအဝင် ရိုဟင်ဂျာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ 

မတ်လ (၁၃) ရက်နေ့ နံနက် ၃ နာရီခန့်အချိန်တွင် အစိုးရစစ်တပ်မှ စစ်သားများသည် ကား ၂၈ စီးဖြင့် မင်းပြားမြို့နယ်မှ မြောက်ဦးမြို့နယ်ဘက်သို့ ကူးလာပြီး လမ်းမကြီးအတိုင်း မြောက်ဦးမြို့ထဲသို့ သွားနေစဉ် ပေါင်းတုတ်ကျေးရွာအရောက်တွင် ပေါင်းတုတ်ကျေးရွာအနီးရှိ ရခိုင်ရွာများဖြစ်ကြသည့် ဓညဝတီကျေးရွာ၊ လင်းကြက်တောင်ကျေးရွာ၊ နန်းဂျာကျေးရွာများမှ AA တပ်ဖွဲ့ဝင်များက သေနတ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်သားများက AA တပ်ဖွဲ့ဝင်များကို ပြန်လည် ပစ်ခတ်ရာတွင် အရပ်လေးမျက်နှာသို့ ပစ်ခတ်ခဲ့သည်။ နှစ်ဖွဲ့စလုံးမှ ပစ်ခတ်သည့် ကျည်ဆံများသည် ပေါင်းတုတ်ကျေးရွာအုပ်စုနှင့် အနီးအနားရှိ ကျေးရွာများသို့ ကျရောက်ခဲ့သည်။ 

နံနက် ၃း၄၀ နာရီခန့်တွင် AA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့သော်လည်း စစ်သားများက မနက်မိုးလင်းသည့်အထိ ယင်းနေရာတွင်ပင် ရှိနေခဲ့သည်။ 

နှစ်ဖွဲ့စလုံးမှ ပစ်ခတ်မှုကြောင့် ပေါင်းတုတ်ကျေးရွာအုပ်စု၊ ရွာကြီးမှ ရိုဟင်ဂျာ ၁၀ ဦး ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ကျည်ဆံထိသူများမှာ အိပ်နေစဉ် အိပ်ယာထဲ၌ ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိသူများမှာ --

(၁) ဦးကာလာချေ (ဘ) ဦးအူမောရ်ဟမ်ဇား (အသက် ၃၈ နှစ်)
(၂) ဒေါ်ရှားမာရုခ် (ဘ) ဦးဆော်လာမတ်ခါးန် (အသက် ၃၈ နှစ်)
(၃) ဦးလာလား (ဘ) ဦးနုရ်မာမတ် (အသက် ၂၇ နှစ်)
(၄) ဦးရော်ဘီချေ (ဘ) ဦးအဒူအာလောမ် (အသက် ၄၀ နှစ်)
(၅) မရှော်မ်ရှိဒါ (ဘ) ဦးအီဆာအာမတ် (အသက် ၂၅ နှစ်)
(၆) မဆော်အီရာ (ဘ) ဦးနုရ်မာမတ် (အသက် ၁၀ နှစ်)
(၇) အီဗြာဟိမ်း (ဘ) ဦးနုရ်မာမတ် (အသက် ၁၂ နှစ်)
(၈) လာလ်ဘာနူ (ဘ) ဦးဟာဆောင်ရှော်ရိဖ် (အသက် ၃ နှစ်)
(၉) ကာလာဘာနူ (ဘ) ဦးအာဘုလ်ဟိုက်ရ် (အသက် ၆ နှစ်)
(၁၀) ကာလာယာ (ဘ) ဦးအဒူရှကူရ် (အသက် ၂၈ နှစ်) -- တို့ဖြစ်ကြသည်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် လမ်းကြောင်း မရှင်းသောကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်နိုင်ခြင်း မရှိဘဲ၊ ကျေးရွာအတွင်း ကျန်းမာရေးလုပ်သားများဖြင့် ဆေးကုသပေးနေရသည်ဟု ဒေသခံများက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ