မြောက်ဦး ဘူးတစ်လုံးကျေးရွာ အနီးတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲကြောင့် ရိုဟင်ဂျာ ၃ ဦး ဒဏ်ရာရ၊ အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးရ
ခင်မောင်နိုင် Rohingya Today

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဘူးတစ်လုံးကျေးရွာ အနီးတစ်ဝိုက်တွင် အစိုးရစစ်တပ်နှင့် AA တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် ရိုဟင်ဂျာ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ တိုက်ပွဲကြောင့် အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

မတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် တပ်မ ၄၄ မှ စစ်သားအင်အား ၅၀၀ ခန့်သည် မြောက်ဦးမြို့နယ်၊ မြောင်းဘွေရဲစခန်းသို့ ရောက်ရှိလာပြီး၊ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် မင်းပြားမြို့နယ်ဘက်သို့ ကူးရန် မင်းပြားနှင့် မြောက်ဦးမြို့နယ်များရှိ ကျေးရွာများမှ စက်လှေများ စီစဉ်ထားခဲ့ကြသည်။ ယင်းသတင်းကို AA က ကြားသိပြီးနောက် စက်လှေဖြင့် လိုက်ပို့သူများနှင့် စစ်သားများကို တိုက်ခိုက်မည်ဟု သတင်းလွှင့်ပြီးနောက် ညပိုင်းတွင် မြောင်းဘွေ၌ AA တပ်ဖွဲ့ဝင်များ စုဝေးခဲ့ကြသည်။ တိုက်ပွဲဖြစ်ပွားမည်ကို ကြိုတင်သိနေကြသည့် အနီးအနားရှိ ရွာများမှ ရွာသူရွာသားများ ကြောက်ရွှံ့နေခဲ့ကြသည်။ 

မတ်လ ၈ ရက်နေ့ နံနက် ၃း၃၀ နာရီတွင် စစ်သားများသည် မြောင်းဘွေတံတားကို ခြေလျင်ကူး၍ မင်းပြားဘက်သို့ သွားနေသည်ကို AA တပ်ဖွဲ့ဝင်များ သိရှိသွားပြီးနောက် နံနက် ၄ နာရီခန့်တွင် ဘူးတစ်လုံးကျေးရွာရှိ မြောင်းဘွေတံတားအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်ဖက်စလုံးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ 

တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ခဲ့သည့် ကျည်ဆံများသည် ဘူးတစ်လုံးကျေးရွာတွင်းသို့ ကျရောက်ပြီး အိမ်ထဲတွင် အိပ်နေသည့် ရိုဟင်ဂျာ ၃ ဦး ကျည်ဆံထိမှန်ပြီး ဒဏ်ရာရခဲ့သည်။ ဘူးတစ်လုံးကျေးရွာအုပ်စု၊ ရွာဟောင်းကျေးရွာမှ မော်လဝီဟာနီဗာ၏ ဆယ်ကျော်သက် သားနှစ်ဦး ခြေထောက်များ၌ ဒဏ်ရာရရှိခဲ့ပြီး၊ ဦးအာရှ်ဖောင်န် (ဘ) ဦးနုရ်မာတ် (အသက် ၃၂ နှစ်) ၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ ဦးအာရှ်ဖောင်န်၏ ဦးခေါင်းဒဏ်ရာ ပြင်းထန်သဖြင့် မြောင်းဘွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ 

တိုက်ပွဲသည် နံနက် ၉ နာရီအချိန်ထိ ဖြစ်ပွားခဲ့ပြီး၊ နံနက် ၉ နာရီကျော်အချိန်တွင် စစ်သားများ သေနတ်များ ဆက်တိုက် ပစ်ဖောက်ပြီး မင်းပြားဘက်သို့ ကူးသွားခဲ့သည်။ 

မြောင်းဘွေသို့ စစ်သားများ ထပ်မံရောက်ရှိလာခဲ့ရာ ဘူးတစ်လုံးကျေးရွာအုပ်စု၊ ဟာရပိုင်ကျေးရွာအုပ်စုနှင့် အနီးအနားကျေးရွာများမှ ရိုဟင်ဂျာအများစုသည် ဆက်လက်၍ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ အိုးအိမ်စွန့်ခွာပြီး ဝေးရာသို့ ထွက်ပြေးခိုလှုံနေကြသည်။ 

မင်းပြားဘက်သို့ ကူးသွားသည့် စစ်သားများသည် မင်းပြားမြို့ထဲထိ ချီတက်သွားပြီး မြို့ပေါ်တွင် နေရာယူထားကြသည်။ AA တပ်ဖွဲ့ဝင်များကလည်း ၎င်းတို့ရှိရာ အနီးတစ်ဝိုက်တွင် နေရာယူထားသည်ဟု သိရသည်။ 

အစိုးရစစ်တပ်နှင့် AA တို့ ဖြစ်ပွားသည့် တိုက်ပွဲများတွင် ရိုဟင်ဂျာများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ မြောက်ဦးနှင့် မင်းပြားရှိ ရိုဟင်ဂျာများသည် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို အထူးစိုးရိမ်နေကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ