မောင်တော ငါးခူရစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၆) စခန်း (ငါးခူရစခန်း) မှ နယ်ခြားစောင့်ရဲများသည် ကင်းလှည့်နေစဉ် ပုဇွန်ကန်စောင့်နေသည့် ရိုဟင်ဂျာလူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ 

မတ်လ ၆ ရက်နေ့ ည ၉း၃၀ နာရီခန့်တွင် ငါးခူရစခန်းမှ နယ်ခြားစောင့်ရဲများသည် ကင်းလှည့်နေစဉ် ငါးခူရကျေးရွာမှ ဆော်ယာဒ်အာလာမ် (အသက် ၂၄ နှစ်) ကို ပုဇွန်ကန်ပေါင်ပေါ်တွင် ရပ်နေသည်ကို တွေ့ရှိပြီး အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နောက်ကျောတွင် ကျည်ဆံထိမှန်ပြီး ယင်းနေရာတွင်ပင် လဲကျ၍ သေဆုံးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

နယ်ခြားစောင့်ရဲများသည် မတ်လ ၇ ရက်နေ့ နံနက် ၃း၃၀ နာရီတွင် ပုဇွန်ကန်သို့ ပြန်လည် ရောက်ရှိလာပြီး ဆော်ယဒ်အာလောမ်၏ အလောင်းကို ငါးခူရစခန်းသို့ သယ်ဆောင်သွားခဲ့သည်။ ထို့နောက် နံနက် အစောပိုင်းတွင် အလောင်းကို မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

နေ့လည်ပိုင်းတွင် အလောင်းကို ဆေးရုံတွင် စစ်ဆေးပြီးနောက် နယ်ခြားစောင့်ရဲများက မိသားစုဝင်များထံ အပ်နှံပြီးနောက် မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကို ခေါ်၍ ယင်းရပ်ကွက်ရှိ သင်္ချိုင်း၌ မြေမြှုပ်သဂြိုဟ်ရန်အမိန့်ပေးခဲ့သည်။ 

အလောင်းနှင့်အတူ မောင်တောဆေးရုံတွင် ရှိနေသည့် နယ်ခြားစောင့်ရဲများက မိသားစုဝင်များထံမှ အလောင်းသယ်ယူလာသည့် ကားခနှင့် လုံခြုံရေးဆောင်ရွက်ပေးရသည့်အတွက်ဟု ဆိုကာ ငွေကျပ် ၃ သိန်းယူခဲ့သည်။ 

မိသားစုဝင်များက အလောင်းကို ရွာသို့ သယ်ယူသွားရန် ခွင့်တောင်းသော်လည်း ခွင့်မပေးသည့်အပြင် ဓါတ်ပုံပင် မရိုက်ရန် တားမြစ်ခဲ့သည်။ 

မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က နယ်ခြားစောင့်ရဲများ အမိန့်ပေးသည့်အတိုင်း အလောင်းကို မြို့မတောင်ရပ်ကွက်ရှိ သင်္ချိုင်းသို့ သယ်ဆောင်သွားခဲ့သည်။ အလောင်းကို မြေမြှုပ်သဂြိုဟ်နေစဉ် ဗိုလ်မှူးရွာမှ ရဲသတင်းပေး ဦးမာဘူးကို စောင့်ကြည့်ခိုင်းထားခဲ့သည်။ 

လွန်ခဲ့သည့် သီတင်းပတ်အတွင်း မောင်တော မြောက်ပိုင်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာလူမျိုး အလောင်း ၃ လောင်းကို မောင်တောမြို့နယ်သို့ သယ်ယူလာပြီး ဆေးရုံ၌ စစ်ဆေးပြီးနောက် မြို့မတောင် ရပ်ကွက်ရှိ သင်္ချိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ ယင်းအလောင်း ၃ လောင်းများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မရှိဟု ဒေသခံများက ပြောသည်။ 
 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ