မြောက်ဦး၊ ပေါင်းတုတ်တွင် မိုင်းထိပြီး ရိုဟင်ဂျာတစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ
ခင်မောင်နိုင် Rohingya Today

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာအုပ်စု၏ အနောက်မြောက်ဘက် လေးဖာလုံခန့်အကွာ ရန်ကုန် - စစ်တွေ လမ်းမကြီး၏ အရှေ့ဘက် လယ်ကွင်း၌ မြေမြှုပ်တစ်လုံး ပေါက်ကွဲပြီး ရိုဟင်ဂျာတစ်ဦး သေဆုံးပြီး၊ လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

မတ်လ ၆ ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် ပေါက်တုတ်ကျေးရွာအုပ်စု ရွာကြီးနှင့် ပလောင်တောရွာမှ ရိုဟင်ဂျာကလေးများသည် ရန်ကုန် - စစ်တွေ ကားလမ်းမကြီး၏ အရှေ့ဘက်လယ်ကွင်းတွင် နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် နွားကျောင်းနေသည့် ရိုဟင်ဂျာကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

သေဆုံးသူမှာ ပေါင်းတုတ်ကျေးရွာအုပ်စု၊ ရွာကြီးမှ ဦးမာမတ်ဆာဒဲခ်၏ သား မောင်ဘုချေ (အသက် ၁၂ နှစ်) ဖြစ်သည်။ 

ဒဏ်ရာရရှိသူများမှာ --

(၁) ပေါင်းတုတ်ကျေးရွာအုပ်စု၊ ပလောင်တောရွာမှ အဒူမော်တော်လောဖ် (ဘ) ဦးမာမတ်ဆူဖီယာန် (အသက် ၁၄ နှစ်) - ခြေသလုံး၌ ဒဏ်ရာရ
(၂) ပေါင်းတုတ်ကျေးရွာအုပ်စု၊ ပလောင်တောရွာမှ အာဂျီမုလ်ခါးန် (ဘ) ဦးမာမတ်ဒုလ်ဟောက် (အသက် ၁၁ နှစ်) - ခြေသလုံးနှင့် ပေါင်၌ ဒဏ်ရာရ
(၃) ပေါင်းတုတ်ကျေးရွာအုပ်စု၊ ပလောင်တောရွာမှ မာမတ်ရှားဟ် (ဘ) ဦးဆွေတာမတ် (အသက် ၁၁ နှစ်) - ခြေသလုံးနှင့် ပေါင်၌ ဒဏ်ရာရ
(၄) ပလောင်တောကျေးရွာအုပ်စု၊ ရွာကြီးမှ အဒူရှကူရ် (ဘ) ဦးဟာမိတ် (အသက် ၁၂ နှစ်) - ပေါင်နှင့် ကျောကုန်း၌ ဒဏ်ရာရ -- တို့ဖြစ်ကြသည်။ 

မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ AA ရက္ခိုင့်တပ်တော်မှ မဟုတ်ကြောင်း ရခိုင်သတင်းမီဒီယာပေါ်တွင် ရေးသား ဖော်ပြသော်လည်း ဒေသခံများက ၎င်းတို့ကို ပစ်မှတ်ထား၍ ထောင်ထားခြင်း ဖြစ်သည်ဟု သုံးသပ်နေကြသည်။ 

ယခု မိုင်းပေါက်ကွဲသည့် နေရာတွင် မတ်လ ၅ ရက်နေ့က ရိုဟင်ဂျာကလေးများ နွားကျောင်းခဲ့သေးသည်။ ထိုနေရာတွင် ကလေးများ သွားရောက်၍ နွားကျောင်းသောကြောင့် မတ်လ ၅ ရက်နေ့ ညပိုင်းတွင် ထောင်ထားခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းလယ်ကွင်းတွင် ရိုဟင်ဂျာကလေးများသာ နေ့စဉ် နွားကျောင်းလေ့ရှိသောကြောင့် တမင်ထိခိုက်စေရန် ရည်ရွယ်၍ ထောင်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

ယခုမိုင်းပေါက်ကွဲသော နေရာတွင် ၅ ရက်နေ့တွင်လည်းနွားကျောင်းခဲ့ရာ ပေါက်ကွဲခြင်းမရှိချေ။ ယခုမိုင်းကို ၅ ရက်နေ့ညတွင်ရခိုင်များကထောင်ထားခြင်းဖြစ်သည်။ ၎င်းလယ်ကွင်းမှ ရိုဟင်ဂျာများ နေ့စဉ် နွားကျောင်းသောလယ်ကွင်းဖြစ်သည်ကို သိရင်းနဲ့ ဘာသာခြားများထိခိုက်အောင် ရခိုင်များက ထောင်ထားသောမိုင်းဖြစ် သည်ဟုဒေသခံများကသုံးသပ်နေကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ