မောင်တောမြို့နယ် မြောက်ပိုင်း၌ ရိုဟင်ဂျာများကို သွားလာခွင့် ပိတ်ပင်ပြီး NVC များ အတင်းအဓမ္မ ထုတ်ပေးနေ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ လ.ဝ.က ဝန်ထမ်းများနှင့် နယ်မြေ (၆) မှ မ.က.ဖ ဝန်ထမ်းများသည် ရိုဟင်ဂျာများကို NVC များ အတင်းအဓမ္မ ထုတ်ပေးခြင်း၊ ပြောဆိုစည်းရုံး၍ ထုတ်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။ 

မောင်တောမြို့နယ်မှ လ.ဝ.က ဝန်ထမ်းများနှင့် နယ်မြေ (၆) မှ မ.က.ဖ ဝန်ထမ်းများသည် ယခင်က ရွှေဇားကျေးရွာရှိ မူလတန်းကျောင်းသို့ နေ့စဉ်လာရောက် စောင့်ဆိုင်းပြီး၊ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို NVC များ အတင်းအဓမ္မ ထုတ်ပေးခဲ့သည်။ နောက်ပိုင်းတွင် နေ့စဉ် မဟုတ်သော်လည်း တစ်ပတ်နှစ်ကြိမ်လာရောက်၍ ထုတ်ပေးခဲ့ကြောင်း၊ ယခုအခါ တစ်ပတ်တစ်ကြိမ် အတင်းအဓမ္မ မဟုတ်သော်လည်း ပြောဆိုစည်းရုံး၍ ထုတ်ပေးခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ကျီးကန်းပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ဂိတ်စခန်းမှ အမျိုးသားမှတ်ပုံတင်ကဒ်ပြား (သုံးခေါက်ချိုး) ရှိသူများမှ အပ ကျန်ရိုဟင်ဂျာများကို NVC ပါမှသာ သွားလာခွင့်ပြုပြီး၊ NVC မပါလျှင် သွားလာခွင့် လုံးဝမပြုပေ။ 

ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ လှဖိုးခေါင် ကယ်ဆယ်ရေးစခန်းရှေ့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွင် နယ်မြေ (၆) မှ မ.က.ဖ ဝန်ထမ်းများ လာရောက်စောင့်ဆိုင်းပြီး ယင်းလမ်းအတိုင်း သွားလာသည့် ရိုဟင်ဂျာများကို NVC များ အတင်းအဓမ္မ ထုတ်ပေးလျက်ရှိသည်။ ၎င်းတို့၏ အတင်းအဓမ္မ ပြုမူမှုကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများ သွားလာရေး အခက်အခဲ ကြုံတွေ့နေရသည့်အပြင် ဆင်းရဲသားများ စားဝတ်နေရေးပင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ 

“ရွာပတ်ပြီး ဈေးရောင်းသူတွေ၊ မောင်တောမြို့ပေါ်က ဈေးကို ဒေသထွက် ပစ္စည်းတွေ တင်ပို့ရောင်းချသူတွေ၊ သုံးဘီးတက္ကစီ မောင်းသူတွေ စတဲ့ ဆင်းရဲသားတွေက လှဖိုးခေါင်ကယ်ဆယ်ရေး စခန်းရှေ့က စစ်ဆေးရေးဂိတ်ကို NVC မပါဘဲ မဖြတ်နိုင်တာကြောင့် အဲဒီလမ်းအတိုင်း မောင်တောကို သွားလို့ မရဘူး။

“အရင်လမ်းအတိုင်း သွားရင်လည်း ဌာနချုပ်ဂိတ်ကနေ တားတယ်။ အဲဒါကြောင့် အခက်အခဲပေါင်းစုံ ကြုံနေရတယ်။ ကျွန်တော်တို့ မြောက်ပိုင်းက ရွာတွေကို စစ်တပ်၊ နယ်ခြားစောင့်တပ်တွေ မကြာခဏ ဝင်ပြီး ခြိမ်းခြောက်တာတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 
 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ