မြောက်ဦး၊ ဘူးတစ်လုံး၌ ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၇ ဦးမှ တစ်ဦး၏ အလောင်းတွေ့ရှိ
ခင်မောင်နိုင် Rohingya Today

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးတစ်လုံးကျေးရွာ၌ ဖေဖော်ဝါရီလ ၂၉  ရက်နေ့တွင် AA ရက္ခိုင့်တပ်တော်က အစိုးရတပ်မတော် ယာဉ်တန်းကို တိုက်ခိုက်ပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ 

ယင်းတိုက်ပွဲတွင် နှစ်ဖက်စလုံး၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးတစ်လုံးကျေးရွာမှ အပြစ်မဲ့ ရိုဟင်ဂျာ ၅ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ၇ ဦးပျောက်ဆုံးခဲ့သည်။ ပျောက်ဆုံးသွားသူများနှင့် ပတ်သက်၍ “သူတို့ကို AA က ဖမ်းသွားတာလား၊ စစ်တပ်က ဖမ်းသွားတာလား ဆိုတာ ကျွန်တော်တို့ မသိဘူး” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

မတ်လ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းတောင်ကျေးရွာ အပြင်ဘက် လမ်းဘေး၌ ရေခမ်းနေသည့် မြောင်းမှ အပုပ်နံ့ရ၍ ခွေးများ တူးနေသည်ကို နွားကျောင်းသားများက မြင်တွေ့ပြီး သွားကြည့်ရာ ကျင်းတစ်ခုထဲတွင် အလောင်း ၃ လောင်း တွေ့ရှိခဲ့သည်။ 

ယင်းသတင်းကို ဘူးတစ်လုံးကျေးရွာသားများ သိရှိပြီးနောက် သွားကြည့်ရာ ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်သည့် ဘူးတစ်လုံးကျေးရွာသား ဟာဘီအာလောမ် (ဘ) ဦးဂျပန်ချေ (အသက် ၂၅ နှစ်) ၏ အလောင်းနှင့် ရခိုင်အမျိုးသားနှစ်ဦး၏ အလောင်းနှင့် အတူ တွေ့ရှိခဲ့သည်။ ရခိုင်အမျိုးသားနှစ်ဦးမှာ လက်သန်းချေကျေးရွာမှ တစ်ဦးနှင့် ကျီတည်းကျေးရွာမှ တစ်ဦး တို့ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး၏ အလောင်းများကို ရခိုင်ရွာသားများက လာရောက် သယ်ယူသွားခဲ့ကြသည်။

ဟာဘီအာလောမ်၏ ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာများ၊ ဓါးဒဏ်ရာများနှင့် လည်လှီး သတ်ဖြတ်ထားသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု မျက်မြင်သက်သေများက ပြောသည်။ 

၎င်း၏ ရုပ်အလောင်းကို မြောင်းဘွေရဲစခန်းသို့ သယ်ယူသွားရန် စခန်းမှူးက ဘူးတစ်လုံးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့သို့ အကြောင်းကြားသောကြောင့် မိသားစုဝင်များက အလောင်းကို ရဲစခန်းသို့ သယ်ယူသွားနေစဉ် ရွှေလှိုင် (ရခိုင်) ရွာမှ ရွာသားများက ၎င်းတို့၏ ရွာကို ကျော်ဖြတ်၍ သယ်ခွင့် မပြုသောကြောင့် ရဲစခန်းသို့ ပို့ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ “ကျွန်တော်တို့ကတော့ ရဲစခန်းက ညွှန်ကြားချက်အတိုင်း ရဲစခန်းကို သယ်သွားတော့ ရွှေလှိုင်ရွာက ကျော်ပြီး သယ်ဖို့ မပေးဘူး။ အဲဒီတော့ စခန်းမှူးကို အကြောင်းကြားတယ်။ စခန်းမှူးက အမှုဖွင့်ချင်ရင် ရဲစခန်းကို အလောင်းသယ်ခဲ့၊ မဖွင့်ချင်ရင်တော့ သဂြိုလ်လိုက်လို့ ရတယ်ဆိုပြီး ပြောတယ်။ သယ်လို့ မရတာကို သယ်နိုင်အောင်တော့ ကူညီမပေးဘူး။

“မိသားစုဝင်တွေကတော့ တရားခံဘယ်သူမှန်းမသိဘဲ ဘယ်သူ့ကို အမှုဖွင့်မလဲ၊ ငွေကုန်တာကလွဲလို့ ဘာမှ ထူးလာမှာ မဟုတ်ဘူးဆိုပြီး အလောင်းကို ညနေပိုင်းမှာ မြေမြှုပ်သဂြိုဟ်လိုက်တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။ 

ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၇ ဦး အနက် တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့သော်လည်း ကျန်သည့် ၆ ဦးနှင့် ပတ်သက်၍ ယခုထိ သတင်းအစအနပင် မရသေးပေ။

အလောင်းများနှင့် ပတ်သက်၍ “ဟာဘီအာလောမ်ကို စစ်သားတွေက သတ်ပြီး၊ ရခိုင်တွေနဲ့အတူ ကျင်းတစ်ခုထဲမှာ မြှုပ်ထားတာက ရိုဟင်ဂျာ-ရခိုင် လူမျိုးရေး အဓိကရုဏ်း ဖြစ်အောင် ဖန်တီးနေတာမျိုးလည်း ဖြစ်နိုင်သလို၊ AA ဘက်က သတ်ပြီး၊ တိုက်ပွဲမှာ ကျသွားတဲ့ ရခိုင်တွေရဲ့ အလောင်းတွေနဲ့ အတူ မြှုပ်ပြီး စစ်တပ်ကို အပြစ်ပုံတာလည်း ဖြစ်နိုင်တယ်” ရွာသားတစ်ဦးက သုံးသပ်ပြသည်။ 

၎င်းက ဆက်လက်၍ “ကျွန်တော်တို့ ရွာမှာတော့ AA ဘက်က သတ်တာလို့ ယူဆနေကြတာများတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က ယာဉ်တန်းကို AA ကစပြီး တိုက်ခိုက်ခဲ့တာ။ အဲဒီ ယာဉ်တန်းက ရခိုင်ရွာထဲမှာရှိတဲ့အချိန် မတိုက်ခိုက်ဘူး။ ရိုဟင်ဂျာရွာထဲ ရောက်တော့မှ စပြီးတော့ တိုက်ခိုက်တယ်။ သူတို့ပစ်တဲ့ ကျည်ဆံတွေကြောင့် ရိုဟင်ဂျာတွေ သေဆုံးတယ်၊ ထိခိုက်ဒဏ်ရာရတယ်။ 

“ရိုဟင်ဂျာရွာထဲ ရောက်တော့မှ စတိုက်ခိုက်တာကြောင့် သူတို့ရဲ့ ပစ်မှတ်ထဲမှာ ရိုဟင်ဂျာတွေပါ ပါနေတယ်ဆိုပြီး ရွာသားတွေက သုံးသပ်နေကြတယ်။ ဟာဘီအာလောမ်ရဲ့ အလောင်းကို ရွှေလှိုင်ရွာ ဖြတ်ပြီး သယ်ဖို့ မပေးတာကြောင့် ပိုပြီး သံသယဖြစ်နေကြတယ်”

မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် ရွှေလှိုင်ကျေးရွာအနီးရှိ ရွာသစ် (ရွာဆိပ်) ၌ ဘူးတစ်လုံးကျေးရွာမှ ဘိလပ်မြေအိတ်များ တင်ဆောင်ပြီး ပြန်လာနေသည့် ကားတစ်စီးပေါ်တွင် ပါလာသည့် ရိုဟင်ဂျာ အလုပ်သမား ၃ ဦးကို ရခိုင်ရွာသား ၄ ဦးက တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “တီဘာကားကို ရခိုင်တစ်ယောက်က မောင်းတယ်။ ကားပေါ်မှာ ရခိုင် ၃ ယောက်၊ ရိုဟင်ဂျာ ၃ ယောက်ပါတယ်။ သူတို့က ဘူးတစ်လုံးကနေ ဘိလပ်မြေအိတ်တွေ တင်ပြီး ပြန်နေတာ၊ ရွှေလှိုင်ရွာနားက ရွာသစ် ရွာဆိပ်ကို ရောက်တော့ အဲဒီကားကို ရခိုင် ၄ ယောက်က တားတယ်။ ပြီးတော့ ရိုဟင်ဂျာ အလုပ်သမား ၃ ယောက်ကို ကားပေါ်က ဆင်းခိုင်းပြီး ၄ ယောက်ထဲက ၃ ယောက်က  သတ်မယ် ဖြတ်မယ်လုပ်တယ်။ ကျန်တဲ့တစ်ယောက်က အနားမှာရှိတဲ့ ကွမ်းသီးခြံထဲက ရခိုင်တွေကို သွားခေါ်တယ်။ 

“သွားခေါ်နေတဲ့ လူတွေ မရောက်ခင် နောက်ထပ် တီဘာကားတစ်စီး ရောက်လာတယ်။ အဲဒီကားက ရိုဟင်ဂျာအလုပ်သမား ၃ ယောက်ကို ကားပေါ်တင်ပြီး မောင်းထွက်သွားတာကြောင့် အန္တရာယ်က လွတ်မြောက်နိုင်ခဲ့တယ်။ အဲဒီကားသမားကို ရိုဟင်ဂျာတွေကို ခေါ်မသွားဖို့ သတ်မယ်ဖြတ်မယ် လုပ်နေသူက တားသေးတယ်။ ကံကောင်းထောက်မလို့ ကယ်တဲ့လူရှိပေလို့ပေါ့ဗျာ။ တစ်ဖက်မှာ တိုက်ခိုက်နေပေမယ့် ကယ်မယ့်လူလည်း ရှိနေတာ အရမ်းကို ကံကောင်းတယ်လို့ ပြောရမယ်” ဟု ရွာသားတစ်ဦးက ပြောပြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ