ဘူးသီးတောင် ဂူတာပြင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ရရှိသော ထောက်ပံ့ကြေးများမှ ဖြတ်ယူလျက်ရှိ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးသည့် ထောက်ပံ့ကြေးများကို အပြည့်အဝ မပေးဘဲ ဖြတ်ယူမှုများ ပြုလုပ်လျက်ရှိသည်။

ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးအဖွ့ဲမှ အုပ်ချုပ်ရေးမှူး ဦးအင်္ဂါဖြူ (အသက် ၅၀-နှစ်ခန့်)၊ တာဝန်ခံ ဦးမိုဟမ္မဒ်တယုဘ် (ဘ) ဦးမိုဟမ္မဒ် (အသက် ၄၁-နှစ်)၊ ရာအိမ်မှူး ဦးနူရ်ကရီမ်း (ဘ) ဦးဟားဖီဇ်းအဟ်မဒ် (အသက် ၄၈-နှစ်) နှင့် ငှက်ပျောချောင်းရွာမှ ရာအိမ်မှူး ဦးမောင်သိန်းစိန် (အသက် ၄၄-နှစ်) တို့ ၄ ဦး ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ထုတ်ပေးသည့် ထောက်ပံ့ကြေးများ ရယူလိုသူများအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ (ငါးထောင်) စီ ပေးသွင်းခိုင်းသည်။

၎င်းတို့က ကျေးရွာအုပ်စု တစ်အုပ်စုလုံးရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၏ စာရင်းကို ကောက်ခံ၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်သွင်းပြီးနောက် မြို့နယ်ရုံးမှ ပြည်လည် ချပေးခဲ့သည့် ထောက်ပံ့ကြေးများကို ကာယကံရှင်များအား အပြည့်အဝ ထုတ်မပေးဘဲ အသုံးစရိတ်ဟုဆိုကာ ဖြတ်ယူမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

လွန်ခဲ့သော စက်တင်ဘာလကလည်း ဂူတာပြင်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၆၁ ဦး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဦးလျှင် ကျပ်ငွေ ၉၀၀၀၀ (ကိုးသောင်း) စီ ချပေးခဲ့သည့် ထောက်ပံ့ကြေးများကို အပြည့်အဝမပေးဘဲ ငွေကျပ် ၇၀၀၀၀ (ခုနှစ်သောင်း) စီသာ ထုတ်ပေးခဲ့သည့်အပြင် စာရင်းရောက်ရှိသော်လည်း ဖခင် အမည်မတူဟုပြောဆို၍ လုံးဝမပေးခဲ့သည့် သူများလည်းရှိကြောင်း ဂူတာပြင်ရွာသား တစ်ဦးက ပြောပါသည်။

အလားတူ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် တစ်လအရွယ် ကလေးရှိသူကို ၁၅၀၀၀ ကျပ်၊ နှစ်လအရွယ်ရှိသူကို ၃၀၀၀၀ ကျပ်၊ သုံးလအရွယ်ရှိသူကို ၄၅၀၀၀ ကျပ်၊ လေးလအရွယ်ရှိသူကို ၆၀၀၀၀ ကျပ်၊ ငါးလအရွယ်ရှိသူကို ၇၅၀၀၀ ကျပ်နှင့် ခြောက်လမှ ဆယ့်ငါးလ အရွယ်ထိရှိသူများကို ၉၀၀၀၀ ကျပ်နှုန်းဖြင့် နို့တိုက်မိခင် ၁၆၀ ဦးအတွက် မြို့နယ်ရုံးမှ ချပေးခဲ့သည့် နို့တိုက်မိခင်များအတွက် ထောက်ပံ့ကြေးများ ထုတ်ပေးစဉ် ၃၀၀၀၀ မှ ၅၀၀၀၊ ၄၅၀၀၀ မှ ၁၀၀၀၀၊ ၆၀၀၀၀ မှ ၁၅၀၀၀၊ ၇၅၀၀၀ မှ ၂၀၀၀၀ နှင့် ၉၀၀၀၀ မှ ၂၀၀၀၀ ကျပ်စီ ဖြတ်ယူခဲ့သည့်အပြင် စာရင်းရောက်ရှိသော်လည်း စာလုံးပေါင်းမတူဟုဆို၍ မပေးခဲ့သည့် သူများလည်း ရှိကြောင်း အဆိုပါ ရွာသားက ဆက်လက်ပြောသည်။

“စာရင်းကောက်တုန်းကလည်း စရိတ်ဆိုပြီး ငွေ ၅၀၀၀ ကျပ်စီကောက်ပြီး တစ်အုပ်စုလုံးက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် အားလုံးရဲ့စာရင်းကိုယူတယ်၊ ဒါပေမယ့် အခု မြို့နယ် ထွေအုပ်က ချပေးတဲ့စာရင်းမှာ နည်းသွားတော့ ကိုယ်ဝန်ဆောင်နဲ့ ကလေးအမေ အချို့က ထောက်ပံ့ကြေးမရကြဘူး၊ စာရင်းရောက်တ့ဲ လူတွေကိုလည်း ကျေးရွာအုပ်ချုပ်ရေးအဖွ့ဲက အပြည့်မပေးဘဲ စရိတ်စက ဆိုပြီး ဖြတ်ယူလိုက်သေးတယ်၊ စရိတ်က ဘယ်နှစ်ခါ ပေးရမှာတုန်း၊ စာရင်းရေးတာ ကောက်တာလဲသူတို့ပဲ၊ အခု စာရင်းထဲမှာ ပါလာပြီးတော့ အဖေနာမည် မတူဘူး၊ စာလုံးပေါင်း မတူဘူးဆိုပြီး မပေးတာက မှန်ကန်မှုရှိရဲ့လား၊ မြို့နယ်ရုံးက ကွင်းဆင်းပြီး အရေးယူပေးဖို့လိုတယ်” ဟု ဂူတာပြင်မှ ရပ်မိရပ်ဖ တစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ