မောင်တော နယ်မြေ ၆ မှ နယ်ခြားစောင့်ရဲများက အချိန်မတော်၊ နေရာမရွေး စစ်ဆေးနေခြင်းကြောင့် ရိုဟင်ဂျာများ အခက်ကြုံနေရ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ ၆ (ပွင့်ဖြူစခန်း) မှ နယ်ခြားစောင့်ရဲများသည် နယ်မြေအတွင်းရှိ ကျေးရွာများသို့ အချိန်မတော် သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် နယ်မြေတွင်းရှိ ရိုဟင်ဂျာများ အခက်ကြုံနေရသည်။

နယ်မြေ ၆ မှ နယ်ခြားစောင့်ရဲများသည် ကျေးရွာများသို့ အချိန်မတော်သွားရောက်၍ ခွဆုံနှင့် လမ်းဘေးတွင် ထိုင်စောင့်ကာ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို သာမာန် စစ်ဆေးခြင်းမျိုး မဟုတ်ဘဲ ခြိမ်းခြောက်သည့် ဟန်ပန်အမူအရာဖြင့် ခန္ဓာကိုယ်၊ အထုပ်များကို စစ်ဆေးသည်။ NVC ရှိ/မရှိ စစ်ဆေးပြီး မရှိသူများကို အမြန်ဆုံး ရယူရမည်ဟု ဆိုသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ သွားလာရာတွင် ဂိတ်စခန်းများ၌ ပုံမှန် စစ်ဆေးသည့်အပြင် လမ်းခုလတ်တွင်လည်း နယ်ခြားစောင့်ရဲများက ရှောင်တခင် စစ်ဆေးလျက်ရှိသည်။ NVC မရှိသူများကို ဂိတ်စခန်းများမှ နယ်ခြားစောင့်ရဲများက ဆက်လက်သွားခွင့်မပေးဘဲ ပြန်သွားခိုင်းခြင်းများ ပြုလုပ်လေ့ရှိပြီး၊ တစ်ခါတစ်ရံ ငွေညှစ်ခြင်းများလည်း ပြုလုပ်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ ထိုသို့ ပြုလုပ်ရာတွင် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ဂိတ်စခန်းမှ အများဆုံး ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ 

သာမာန်သွားလာနေသည့် ရိုဟင်ဂျာများကို “WY ပါလား၊ လက်နက်ပါလား” စသည်ဖြင့် မေးမြန်းသည့်အပြင် စော်ကားပြောဆိုခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ဂိတ်စခန်းနှင့် လမ်းခုလတ်တွင် စစ်ဆေးသည့် နယ်ခြားစောင့်ရဲများ၏ လက်ထဲတွင် WY, လက်နက်ခဲယမ်းနှင့် ဘင်္ဂလား ဆင်းမ်ကဒ် စသည်တို့ အသင့်ပါရှိလေ့ရှိသောကြောင့် လမ်းသွားလမ်းလာများက ၎င်းတို့ကို လုပ်ကြံ ဖမ်းဆီးမည်ကို စိုးရိမ်နေကြသည်။ ယခင်က ထိုသို့ လုပ်ကြံ ဖမ်းဆီးခြင်းများ အများအပြားပြုလုပ်ခဲ့သဖြင့် ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။ 

နယ်မြေ ၆ မှ ရဲမှူးက ယူနီဖောင်းမပါဘဲ အရပ်ဝတ်ဖြင့် တစ်ဦးတည်း ရိုဟင်ဂျာရွာများထဲသို့ အချိန်မတော် ဝင်ရောက်ပြီး လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ အိမ်များထဲသို့ ဝင်ရောက်၍ လူများနှင့် အိမ်များကို စစ်ဆေးခြင်းများလည်း ပြုလုပ်လျက်ရှိသည်။ ရဲမှူးကိုယ်တိုင် ယခုကဲ့သို့ ပြုလုပ်နေခြင်းသည် ပြဿနာဖန်တီးရန် လုပ်ကြံနေမှုသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် သုံးသပ်နေကြသည်။ 

ရဲမှူးနှင့် နယ်ခြားစောင့်ရဲများက နေ့စဉ်နှင့် အမျှ နည်းမျိုးစုံဖြင့် နှောက်ယှက်နေခြင်းကြောင့် ဒေသခံများက စိတ်အနှောက်အယှက် ဖြစ်နေကြရသည်။ 

နယ်ခြားစောင့်ရဲများက WY များ ရှာဖွေစစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “နယ်ခြားစောင့်ရဲတွေက ရိုဟင်ဂျာတွေကို စစ်တာမှာ WY သယ်လား ဆိုတာကို အဓိက စစ်ဆေးတယ်။ တကယ်တော့ WY ဆိုတာ နယ်ခြားစောင့်ရဲနဲ့ စစ်တပ်က အကြီးအကဲတွေရဲ့ ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေကနေ မောင်တော၊ ဘူးသီးတောင်ကို သယ်လာပြီး ရောင်းကြတာ။ 

“မောင်တော၊ ဘူးသီးတောင်မှာ WY ရောင်းသူတွေရဲ့ WY တွေကို မောင်တောမြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲတွေနဲ့ ကြိမ်ချောင်း၊ တောင်ပြိုမှာ တာဝန်ကျနေတဲ့ နည်းဗျူဟာမှူးတွေက တောင်ပြို၊ လိပ်ရ၊ ခမောင်းဆိပ် စတဲ့ နယ်စပ်ရွာတွေ သယ်ပေးတယ်။ အဲဒီကနေ အဲဒီက ဒေသခံ ရိုဟင်ဂျာမဟုတ်သူတွေက နယ်စပ်ခြံစည်းရိုးအထိ သယ်တယ်။ အဲဒီမှာ ဘင်္ဂလားဒေ့ရှ်က WY လုပ်ငန်းရှင်တွေလာယူတယ်” ဟု ရှင်းပြသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ကွပ်ကဲရေးမှူးက မောင်တောမြို့ပေါ်ရပ်ကွက်နှင့် မြောက်ပိုင်းရှိ WY လုပ်ငန်းရှင်များကို ဆင့်ခေါ်၍ ခြိမ်းခြောက်ပြီး ငွေညှစ်လျက်ရှိသော်လည်း၊ ငွေလိုနေ၍ ခြိမ်းခြောက်ခြင်းသာဖြစ်ပြီး၊ လုပ်ငန်းရှင်များကို အကူအညီများ အမြဲပေးနေသည်ဟု ဒေသခံများက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ