ဘူးသီးတောင် ညောင်ချောင်းနယ်မြေစခန်းမှ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ဦးသေဆုံး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်မြေစခန်း (နယ်မြေ ၁၁) မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဖုရားပြင်အောင်ပကျေးရွာမှ ရိုဟင်ဂျာအမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။ 

ဖုရားပြင်အောင်ပကျေးရွာ၊ အကွက် ၆ မှ ဆော်လာမတ်အုလ္လာ (ဘ) ဦးဟူစိန်းအာမတ် (အသက် ၂၅ နှစ်) သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် လယ်ကွင်း၌ နွားချည်ရန် ငုတ်စိုက်နေစဉ် ညောင်ချောင်း နယ်မြေစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

ဆော်လာမတ်အုလ္လာသည် ညောင်ချောင်းနယ်မြေ စခန်း၏ ကိုက် ၂၀၀ ခန့်အကွာ၊ ညောင်ချောင်းဈေး၏ အနောက်တောင်ဘက် ကိုက် ၁၀၀ အကွာ လယ်ကွင်းပြင်၌ ၎င်း၏ နွားကျက်စားနိုင်ရန်အတွက်၊ ငုတ်စိုက်၍ ချည်နှောင်ထားရန် ပြုလုပ်နေစဉ် နယ်မြေစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်အပြတ်ပစ်ခတ်မှုကြောင့် ညာဘက်ခြေထောက်ကို လက်နက်ကြီး ကျည်ဆံထိမှန်၍ ဒဏ်ရာပြင်းထန်စွာ လဲကျသွားခဲ့သည်။ ထို့နောက် လက်နက်ငယ် ကျည်ဆံနှစ်တောင့် ထပ်မံ၍ ထိမှန်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ကျည်ဆံထိမှန်၍ လဲကျနေသည့် ဆော်လာမတ်အုလ္လာကို ရွာသားများက တွေ့ရှိပြီးနောက် သယ်ယူရန် သွားသူများကိုလည်း လက်နက်ငယ်များ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ကံကောင်းထောက်မစွာဖြင့် တစ်ဦးတစ်ယောက်မှ ကျည်ဆံထိမှန်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

နယ်မြေစခန်းမှ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခြင်း ရပ်တန့်သွားပြီး၊ စခန်းထဲသို့ ဝင်သွားမှသာ ဒဏ်ရာပြင်းထန်စွာဖြင့် လဲနေသည့် ဆော်လာမတ်အုလ္လာ သယ်ယူလာနိုင်ခဲ့သည်။ 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရွာသားတစ်ဦး ကျည်ဆံထိမှန်၍ ဒဏ်ရာပြင်းထန်နေကြောင်း နယ်မြေစခန်းသို့ သတင်းပို့သည့်အခါ နယ်မြေစခန်းမှ တာဝန်ရှိသူများက လက်နက်ဖြင့် ပစ်ခတ်ခြင်း မဟုတ်ဘဲ၊ မြေမြှုပ်မိုင်းထိခြင်းသာ ဖြစ်ကြောင်း၊ မိုင်းကိုလည်း AA က ထောင်ထားခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ 

ရွာသားများက ဆော်လာမတ်အုလ္လာကို ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်နေစဉ် ညနေ ၅ နာရီကျော်အချိန်၌ စိမ့်ညှင်းပြာကျေးရွာအနီးတွင် သေဆုံးသွားခဲ့သည်။ ရုပ်အလောင်းကို ဆေးရုံသို့ ဆက်လက် သယ်ဆောင်မသွားဘဲ နေအိမ်သို့ ပြန်လည် သယ်ဆောင်လာခဲ့ကြသည်။ 

ဆော်လာမတ်အုလ္လာ သေဆုံးရခြင်းမှာ ညောင်ချောင်းနယ်မြေစခန်းမှ တပ်ဖွဲ့ဝင်များ အနီးကပ် ပစ်ခတ်မှုကြောင့်သာ ဖြစ်သည်။ 

ညောင်ချောင်းနယ်မြေစခန်းတွင် ယခင်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသာ ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် AA က စခန်းကို တိုက်ခိုက်ပြီးနောက် စစ်သားများလည်း စခန်းအတွင်းတွင် အခြေစိုက်ထားကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ