စစ်တွေ မန်စီလမ်းဆုံ တာဝန်ကျ လုံထိန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ငွေညှစ်၊ ခြိမ်းခြောက်၊ စော်ကား
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မန်စီလမ်းဆုံရှိ လုံထိန်းတပ်ရင်း ၁၂ မှ အရာရှိတစ်ဦးဖြစ်သည့် ဦးသျှင်းမင်းသူရက ရိုဟင်ဂျာများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်သည့်အပြင် ခြိမ်းခြောက်ခြင်း စော်ကားခြင်းများ ပြုလုပ်လျက်ရှိသည်။

စစ်တွေမြို့နယ်၊ မန်စီလမ်းဆုံရှိ လုံထိန်းတပ်ရင်း ၁၂ မှ အရာရှိတစ်ဦးဖြစ်သည့် ဦးသျှင်းမင်းသူရသည် ရိုဟင်ဂျာများကို လူမျိုး၊ ဘာသာခွဲခြား၍ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

နေအိမ်များ ပြုပြင်ခြင်း၊ ဆောက်လုပ်ခြင်းများ ပြုလုပ်လျှင် ၎င်းထံမှ ခွင့်ပြုချက်ရရှိရေးအတွက် ငွေပေးရသည်ဟု ဒေသခံများက ဆိုကြသည်။

“ကျွန်တော်တို့ဆီမှာ အိမ်ဆောက်တာ ဖြစ်ဖြစ်၊ အိမ်ပြင်တာဖြစ်ဖြစ်၊ အခြား ဘာကိစ္စမဆို သူ့ကို အသိပေးရတယ်။ သူ့ဆီက ခွင့်ပြုချက်ရဖို့ သူတောင်းသလောက် ငွေပေးရတယ်။ မပေးဘူးဆိုရင် ဘာမှ လုပ်ခွင့်မရှိဘူး။ လုံထိန်းတပ်က အကြီးအကဲဆိုပြီး တော်တော်လေးကို မတရားအနိုင်ကျင့်နေတယ်။

“ဗလီတွေမှာ ဟောပြောတယ်ဆိုရင်လည်း သူ့ဆီက ခွင့်ပြုချက်အရင်ယူရတယ်။ အဲဒါအတွက်လည်း ချက်ချင်း မပေးဘူး။ ရက်အတော်ကြာ အချိန်ဆွဲပြီးမှ ပေးချင်သလို၊ မပေးချင်သလို လုပ်နေတာမျိုးတွေလည်း ရှိတယ်၊ ပြီးတော့ မင်းတို့ကို ဒီမှာ မဟောနဲ့၊ ပင်လယ်ပြင်မှာ သွားဟော ဆိုတာမျိုးပြောပြီး စော်ကားတာလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးသျှင်းမင်းသူရသည် စစ်တွေမြို့၊ မန်စီရှိ လုံထိန်းတပ်ရင်း ၁၂ သို့ လွန်ခဲ့သည့် တစ်နှစ်ကျော်က ပြောင်းရွှေ့လာခြင်း ဖြစ်ပြီး၊ ရောက်လာသည့်အချိန်မှစ၍ ဒေသခံများထံမှ ငွေညှစ်ခြင်း၊ စော်ကားခြင်းများ၊ ခြိမ်းခြောက်ခြင်း မကြာခဏ ပြုလုပ်သည်။

လွန်ခဲ့သည့် သီတင်းပတ်က စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများမှ ကော်မတီဝင်များ၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ဆင့်ခေါ်၍ ခြိမ်းခြောက်ခဲ့သည်။

“ဒီက ကမ့်တွေက ကော်မတီတွေ၊ ရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး မင်းတို့က ရိုဟင်ဂျာတွေလားလို့ မေးတယ်။ ပြီးတော့ မင်းတို့ ရိုဟင်ဂျာဆိုရင် ဒီမှာမနေနဲ့ ကုသုပါလောင်ကမ့်မှာ သွားနေလို့ ပြောတယ်။ မင်းတို့ကို ICJ, ICC က ဘယ်လိုမှ ကယ်လို့မရဘူး။ ဒါက ငါ့နေရာ၊ ငါ့နေရာမှာ ငါကြိုက်သလို လုပ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်နှင့် ရိုဟင်ဂျာ လူငယ်များ ဘောလုံးကန်သည့် နေရာသို့ သွားရောက်၍ လူမျိုး၊ ဘာသာ၊ အသွင်အပြင်ကို ခွဲခြား၍ စော်ကားခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ပြောသည်။

“ဘောလုံးပွဲကတော့ CDNH က လုပ်တာပါ။ ICJ မှာ မောင်တောမှာ ဘောလုံးကန်တာ ပြသလိုမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ နှစ်ဖက်အသိုင်းအဝိုင်း ပြန်လည်သင့်မြတ်ရေးအတွက် အားလုံး တက်တက်ကြွကြွနဲ့ ဘောလုံးကစားကြတယ်။ အဲဒီနေရာကို ဒီလူ မင်းသူရ လာပြီး အခုမှ တိုင်းရင်းသားတွေကို မြင်ရတာ စိတ်ချမ်းသာတယ်။ နေ့တိုင်း မုတ်ဆိတ်တွေနဲ့ ကုလားတွေချည်း မြင်နေရတာ စိတ်မချမ်းသာဘူး ဆိုတာမျိုးတွေ ပြောပြီး စော်ကားတယ်” ဟု လူငယ်တစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ