မောင်တော မြို့မကညင်တန်းရှိ ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းများက ရိုဟင်ဂျာပိုင် နွားများကို ဓါးဖြင့်ခုတ်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကညင်တန်းရပ်ကွက် (မြို့မကညင်တန်းကျေးရွာ) ရှိ ရိုဟင်ဂျာများပိုင် မြေများပေါ်တွင် ကျူးကျော်၍ ဆောက်လုပ်ထားသည့် ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းများက ရိုဟင်ဂျာပိုင် နွားများကို ဓါးဖြင့် ခုတ်သည်ဟု ဒေသခံများက ပြောသည်။ 

မောင်တောမြို့နယ်၊ ကညင်တန်းရပ်ကွက် (မြို့မကညင်တန်းကျေးရွာ) အရှေ့ဘက် ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်၏ အရှေ့ဘက်ရှိ ရိုဟင်ဂျာများပိုင် လယ်မြေများကို ၂၀၁၅ ခုနှစ်တွင် ကျူးကျော်၍ နှစ်ထပ်အဆောင် ၃ ဆောင် ဆောက်လုပ်၍ ၂၀၁၉ ခုနှစ်မှစ၍ ဝန်ထမ်းအိမ်ရာ အဖြစ် အသုံးပြုလျက်ရှိသည်။ 

ယင်းအဆောင်များတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေး ဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဌာနများ ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှ ဝန်ထမ်းများ၊ ကျောင်း ဆရား/မ များကို နေရာချပေးထားသည်။ 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် အဆောင်နေ ဝန်ထမ်းများက မြို့မကညင်တန်းကျေးရွာမှ ဦးဆော်လိမ်၏ နွားနှစ်ကောင်ကို ဓါးဖြင့်ခုတ်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်လည်း ဦးအေဆာန်အူလောက် (ဘ) ဆရာ ဦးဟဘာန်မျာ၏ နွားမတစ်ကောင်ကို ဓါးဖြင့် ခုတ်ခဲ့သည်။ 

“၂၀ ရက်နေ့က ဦးဆော်လိမ်ရဲ့ နွားနှစ်ကောင်ကို နောက်ကျောတွေကို ဓါးနဲ့ ခုတ်တယ်။ ၂၁ ရက်နေ့မှာ ဦးအေဆာန်အူလောက်ရဲ့ နွားမတစ်ကောင်ကို ရှေ့ခြေထောက်ကို ဓါးနဲ့ခုတ်တယ်။ အဆောင်က ဝန်ထမ်းတွေက နွားကျောင်းသားတွေကို ဒီတစ်ခါ ဓါးနဲ့ ခုတ်တာ၊ နောက်တစ်ခါဆိုရင် လည်လှီး သတ်ဖြတ်စားလိုက်မယ် ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ယင်းဝန်ထမ်းအိမ်ရာတွင် နေထိုင်သော မီးသတ်ရုံးမှ ဝန်ထမ်းတစ်ဦးက ဦးအဒူလာမီးန်၏ နွားမ ၆ ကောင်နှင့် ဦးဂျာဘူရာမာန်၏ နွားထီးတစ်ကောင်ကို ဓါးရှည်ဖြင့် ခုတ်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နွားပိုင်ရှင်များက ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများနှင့် မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များက ပြစ်မှုကျူးလွန်သည့် ဝန်ထမ်းများကို ခေါ်ယူ၍ ပြဿနာ မဖန်တီးကြရန် ဆုံးမခဲ့သည်။ 

ယင်းဝန်ထမ်းအိမ်ရာ ခြံဝင်းထဲသို့ နွားများ ဝင်ရခြင်းနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “အရင်တုန်းက အဲဒီနေရာက နွားတွေကျက်စားနေကျ လယ်ကွင်း၊ အခု အဲဒီခြံဝင်းထဲမှာ မြက်တွေကလည်း စိမ်းစိုနေတယ်၊ ဂိတ်တံခါးကလည်း အမြဲဖွင့်ထားတော့ နွားတွေက သူတို့ ကျက်စားနေကျ နေရာကို ပြန်ဝင်ပြီး ကျက်စားတဲ့ သဘောပါ။ တံခါးပိတ်ထားရင် ဝင်လို့ ရမှာမဟုတ်ဘူး။ နေရာကတော့ ကျွန်တော်တို့ ပိုင်နေရာတွေကို ကျူးကျော်ပြီး ဆောက်ထားတာ၊

“ကျွန်တော်တို့ကတော့ လူစကားနားမလည်တဲ့ တိရစ္ဆာန်ကို အဲဒီထဲ မဝင်နဲ့လို့ ပြောလို့မရဘူး။ လူတွေ ဖြစ်တဲ့သူတွေက စကားနားမလည်တဲ့ တိရစ္ဆာန်တွေကို ဓါးနဲ့ ခုတ်တာတော့ တော်တော်လေးကို လွန်တယ်။ လူတွေက တိရစ္ဆာန်တွေကို အနိုင်ကျင့်တာလည်း ကြည့်မကောင်းဘူး၊ ကြားမကောင်းဘူး။ ကျွန်တော်တို့ မြေနေရာကို ကျူးကျော်ပြီး ဆောက်လုပ်ထားတဲ့ ဝန်ထမ်းအိမ်ရာရဲ့ ဝင်းတံခါးကို အမြဲ ပိတ်ထားပါလို့သာ တိုက်တွန်းထားပါတယ်” ဟု ကျေးရွာလူကြီးတစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ