ဘူးသီးတောင် စေတီတောင်တွင် ရိုဟင်ဂျာများ၏ အိမ်ခြံမြေများပေါ်၌ ကျူးကျော်အိမ်များ ဆောက်လုပ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ရှိ ရိုဟင်ဂျာများ၏ အိမ်ခြံမြေများနှင့် ဗလီမြေနေရာများပေါ်တွင် ကျူးကျော်အိမ်များ ဆောက်လုပ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသောကြောင့် ယင်းမြို့နယ်များမှ ရခိုင်ပြည်သူအချို့ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသည်။ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် မြောက်ပိုင်းတို့မှ ရခိုင်ပြည်သူများသည် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာနှင့် စေတီတောင်ကျေးရွာသို့ သွားရောက်၍ စစ်ဘေးရှောင်နေကြသည်။ 

စေတီတောင်ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ရခိုင်ပြည်သူများသည် ဘုန်းကြီးကျောင်းနှင့် စေတီတောင်ရခိုင်ရွာများတွင် နေထိုင်နေကြသည်။ ၎င်းတို့သည် စေတီတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ စေတီတောင်ရိုဟင်ဂျာရွာမှ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ အိမ်ခြံမြေများပေါ်တွင် ကျူးကျော်အိမ်များ ဆောက်လုပ်လျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

“ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထိ ကျူးကျော်အိမ် ၁၆ လုံး ဆောက်တာတွေ့ရတယ်။ အဲဒီကျူးကျော်အိမ်တွေကို တစ်ဖက်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေသူတွေရဲ့ အိမ်ခြံမြေတွေပေါ်မှာ ဆောက်နေတာ။ ဗလီမြေနေရာတွေမှာတောင် ဆောက်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ကျူးကျော်အိမ်များကို စေတီတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်း ကိုယ်တိုင် ဦးစီး၍ ဆောက်လုပ်နေခြင်း ဖြစ်သည်။ ရိုဟင်ဂျာများက ကျူးကျော်အိမ်များ မဆောက်လုပ်ရန် တားမြစ်သော်လည်း ဆောက်လုပ်နေသူများက ပိုင်ရှင်မဲ့များ၏ မြေနေရာပေါ်တွင် ဆောက်လုပ်နေခြင်း ဖြစ်သည်ဟုဆိုကာ အတင်းအဓမ္မ ဆောက်လုပ်လျက်ရှိသည်။ 

“ပိုင်ရှင်မဲ့ဆိုတာတော့ သူတို့ ပြောနေတာပေါ့။ ရိုဟင်ဂျာရွာထဲမှာ ရိုဟင်ဂျာပိုင်မြေတွေ အားလုံး ပိုင်ရှင်ရှိပါတယ်။ စစ်တပ်က သတ်ဖြတ်နေလို့ တစ်ဖက်နိုင်ငံကို ခဏထွက်ပြေးခိုလှုံနေကြတာ။ အချိန်တန်ရင် ပြန်လာပါလိမ့်မယ်။ 

“အခု ရိုဟင်ဂျာရွာထဲမှာ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကြားမှာ အခုလို ကျူးကျော်အိမ်ဆောက်ပြီးနေတော့ သွားလာလှုပ်ရှားတာမှာ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာမှာကိုလည်း ကျွန်တော်တို့ စိုးရိမ်တယ်။ အဲဒါကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်သန်းကို ပြောပြတယ်။ အုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင် ရခိုင်တွေက အခြားရွာတွေက လာတဲ့ ဧည့်သည်တွေ ဖြစ်တာကြောင့် ရွာထဲက အိမ်ရှင်တွေကို ပြဿနာမရှာဘဲ ကောင်းကောင်းမွန်မွန် နေသွားမယ်ဆိုတာကို သူကိုယ်တိုင် အာမခံတယ်ဆိုပြီး နှစ်သိမ့် ပြောတယ်” ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။ 

စေတီတောင်ရွာမှ ရိုဟင်ဂျာများက ကျူးကျော်အိမ်များကို စေတီတောင်ရခိုင်ရွာနှင့် ရိုဟင်ဂျာရွာကြားရှိ လယ်ကွင်းတွင် ဆောက်လုပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးကို တောင်းဆိုသော်လည်း ၎င်းက အများပိုင်မြေပေါ်တွင် အိမ်ဆောက်၍ မရကြောင်း၊ ရိုဟင်ဂျာများက ယခုဆောက်လုပ်နေသည့် နေရာများသည်လည်း လူအများ ပိုင်ဆိုင်သောနေရာ ဖြစ်ကြောင်း ပြောဆိုရာ အုပ်ချုပ်ရေးမှူးက ဆောက်လုပ်နေသည့် မြေနေရာများမှာ ပိုင်ရှင်မဲ့ မြေနေရာများ ဖြစ်သောကြောင့် အိမ်ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း၊ ပိုင်ရှင်များ ပြန်လာပါက ပြန်ပေးမည် ဖြစ်ကြောင်း ပြောဆိုသည်။ 

“ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ဘယ်လိုပဲပြောပြော သူ့စကားကို ယုံလို့မရဘူး။ အခု ပြဿနာတစ်စုံတစ်ခု ဖြစ်လာမှာကို ကျွန်တော်တို့ စိုးရိမ်တယ်။ ကျွန်တော်တို့က တောက်လျှောက် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။ အခု ကျူးကျော်အိမ်တွေ ဆောက်ပြီး ယာယီနေထိုင်မယ်လို့ ပြောနေပေမယ့် မြေတွေကို မတရားသိမ်းပြီး လက်ရှိ ရွာမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကိုပါ နည်းမျိုးစုံနဲ့ ရွာက ထွက်သွားအောင် လုပ်မှာကိုလည်း အထူး စိုးရိမ်နေရတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ စစ်ဘေးရှောင်တွေကို ကျူးကျော်အိမ် ဆောက်ခွင့်မပေးဘဲ၊ စစ်ဘေးရှောင်ဖို့ နေရာသီးသန့် ပြုလုပ်ပေးဖို့ တောင်းဆိုတယ်။ စစ်ဘေးရှောင်ရတဲ့ လူတွေရဲ့ ဒုက္ခကို ကျွန်တော်တို့ စာနာတယ်။ ဒါပေမယ့် ရေရှည် ပြဿနာမဖြစ်ဖို့ အာဏာပိုင်တွေက စီမံပေးဖို့တာဝန်ရှိတယ်” ဟု ကျေးရွာလူကြီးတစ်ဦးက ပြောသည်။ 

ကျူးကျော်အိမ်များကို သစ်ဖြူ၊ ဝါးနက်၊ ဝါး စသည်တို့ဖြင့် ဆောက်လုပ်နေခြင်း ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ