မြောက်ဦး ပေါင်းတုတ်ရွာမှ ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရခိုင်လက်နက်ကိုင်များက လည်လှီးသတ်ဖြတ်
ခင်မောင်နိုင် Rohingya Today
Map - themimu.info

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ ရိုဟင်ဂျာလူငယ်တစ်ဦးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် ရခိုင်လက်နက်ကိုင်များက ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခဲ့သည်။

မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ မာမတ်ရာရှစ် (ခ) မောင်တင်လှိုင် (ခ) အဘုချေ (ဘ) ဦးအာဘုလ်ဖော်ယာစ် (အသက် ၁၉ နှစ်) သည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၇ နာရီခန့်တွင် ပေါင်းတုတ်ကျေးရွာ၏ အနောက်ဘက် နှစ်ဖာလုံအကွာ စစ်တွေ - ရန်ကုန်ကားလမ်းဘေးရှိ ညောင်ပင်ကြီးအောက်တွင် MyTel အင်တာနက်လိုင်း ရရှိသောကြောင့် အခြားလူငယ်နှစ်ဦးနှင့် အတူ ဆိုင်ကယ်ဖြင့် သွားရောက်၍ ညောင်ပင်အောက်တွင် အင်တာနက် ထိုင်သုံးနေစဉ်  လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုး (၈) ဦး ရောက်ရှိလာခဲ့သည်။ ထို့နောက် လက်နက်ကိုင်ဆောင်ထားသူများက မောင်တင်လှိုင်တို့ ၃ ဦးစလုံးကို ဖမ်းဆီးရန် ကြိုးစားရာ မောင်တင်လှိုင်၏ သူငယ်ချင်းနှစ်ဦး ထွက်ပြေး လွတ်မြောက်သွားသော်လည်း ဆိုင်ကယ်ယူနေသည့် မောင်တင်လှိုင်ကို လက်နက်ကိုင်များက ဖမ်းဆီးနိုင်ခဲ့သည်။ 

ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးက ရွာထဲသို့ သွားရောက်၍ အကျိုးအကြောင်း ပြောပြသဖြင့် ရွာသားများက ညောင်ပင်ကြီးနားသို့ သွားရောက်ရှာဖွေခဲ့သည်။ သို့သော်လည်း မောင်တင်လှိုင်ကို မတွေ့ရှိခဲ့ပေ။ 

လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုးများက မောင်တင်လှိုင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ညအချိန်တွင် ဆူး၊ ဓါးများဖြင့် ထိုးသည့်အပြင် လည်လှီးသတ်ဖြတ်ပြီးနောက် ပေါင်းတုတ်ကျေးရွာအနီးရှိ လယ်ကွင်းတွင် ပစ်ချထားခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် ပေါင်းတုတ်ရွာမှ ရွာသားများက မောင်တင်လှိုင်ကို ရှာဖွေရန် ထွက်လာကြရာ နံနက် ၆ နာရီခန့်တွင် လယ်ကွင်းတစ်နေရာ၌ လည်လှီးဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထို့နောက် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ရုပ်အလောင်းကို နေအိမ်သို့ သယ်ယူခဲ့ကြသည်။ ယနေ့ ဖေဖော်ဝါရီလ နံနက် အစောပိုင်းတွင် လှောင်းကြက်ကျေးရွာဈေးသို့ ဈေးဝယ်သွားသည့် အနီးအနားရွာများမှ ရိုဟင်ဂျာများကို ရခိုင်ရွာသားများက အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် ရိုဟင်ဂျာများက ပေါင်းတုတ်ကျေးရွာမှ ရခိုင်များ ဖြတ်သွားခြင်းကို ပိတ်ပင်ခဲ့သဖြင့် အပြန်အလှန် အခင်းဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားစဉ် ရခိုင်လူမျိုးတစ်ဦး ခေါင်းကွဲ ဒဏ်ရာရရှိခဲ့သည်။ ၎င်းကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်ပြီးနောက် ရိုဟင်ဂျာများက ရန်ရှာနေသည်ဟု သတင်းများ ပြန့်သွားခဲ့သည်။ လှောင်းကြက်ဈေးတွင် ရခိုင်ရွာသားများ၏ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ဒဏ်ရာရရှိခဲ့သည့် ရိုဟင်ဂျာများသည် မြောက်ဦးမြို့ပေါ်သို့ မသွားနိုင်သဖြင့် ဆေးရုံတက်၍ ဆေးကုသနိုင်ခြင်းမရှိဟု ဒေသခံများက ဆိုကြသည်။ 

ရိုဟင်ဂျာလူငယ်တစ်ဦးကို လက်နက်ကိုင် ရခိုင်များက အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ကို လုံး၀ အလေးမထားဘဲ ရခိုင်လူမျိုးတစ်ဦး ဒဏ်ရာရသည်ကိုသာ အကြောင်းပြု၍ ရခိုင်လူမျိုးများက မြောက်ဦးမြို့တွင် လူမျိုးရေး အဓိကရုဏ်း ဖန်တီးရန် ဝါဒဖြန့်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။ 

“ရိုဟင်ဂျာလူငယ် လည်လှီးသတ်ဖြတ်ခံရတာကို ရိုဟင်ဂျာအချင်းချင်း သတ်ဖြတ်လိုက်သလို၊ ရခိုင်တွေနဲ့ ပတ်သက်မှုမရှိသလို မီဒီယာတွေ သတင်းမှား ဖြန့်နေတာ တွေ့ရတယ်။ အမှန်တရားက အမှန်တရားပါပဲ။ ကျွန်တော်တို့ကတော့ ဘယ်သူလာမေးမေး အမှန်အတိုင်းပဲ ပြောပါမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

မောင်တင်လှိုင်သည် ၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သူ ဖြစ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်၊ အရည်အချင်းရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။ ပေါင်းတုတ်ကျေးရွာ၏ အနာဂတ်ကြယ်တစ်ပွင့် ဖြစ်သည်။ ယခုကဲ့သို့ လူငယ်တစ်ဦး အသက်ဆုံးရှုံးရခြင်းသည် ရိုဟင်ဂျာများအတွက် ကြီးမားသော ဆုံးရှုံးမှု တစ်ရပ် ဖြစ်သည်။ 

ပေါင်းတုတ်ကျေးရွာ၏ အနောက်ဘက် စစ်တွေ - ရန်ကုန် ကားလမ်းဘေးရှိ ညောင်ပင်ကြီး အနီးတစ်ဝိုက်တွင် MyTel အင်တာနက်လိုင်း ရသဖြင့် ရိုဟင်ဂျာများ၊ ရခိုင်များ လာရောက်၍ နေ့စဉ်နေ့တိုင်း အင်တာနက် သုံးကြသည်။ 

လွန်ခဲ့သည့် သီတင်းပတ်ကလည်း ပေါင်းတုတ်ကျေးရွာမှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး လမ်းသွားနေစဉ် ရခိုင် ၃ ဦးက ဆိုင်ကယ်နှစ်စီးဖြင့် တမင်တကာ ဝင်တိုက်ခဲ့သည်။ ဒဏ်ရာရရှိသွားသည့် အမျိုးသမီးကို လှည့်ပင်မကြည့်ဘဲ လမ်းပေါ်တွင် ပစ်ထား၍ ထွက်ပြေးသွားခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ