ဘူးသီးတောင် ဆင်သေပြင်တွင် မိုင်းထိ၍ ရိုဟင်ဂျာတစ်ဦးသေဆုံး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ရိုဟင်ဂျာတစ်ဦး မိုင်းထိ၍ သေဆုံးခဲ့ရသည်။

စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဦးမာမတ်အီနုစ် (ဘ) ဦးအာဘုလ်ကာဆိမ်း (အသက် ၅၅ နှစ်) သည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွာ၏ မြောက်ဘက်ရှိ လယ်ကွင်းတွင် နွားလွှတ်ရန် သွားနေစဉ် မိုင်းထိ၍ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

လွယ်ကွင်း၌ နွားကျောင်းရန် ရောက်နေသည့် နွားကျောင်းသားများက ဦးမာမတ်အီနုစ် ကို ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိပြီး ရွာသို့ သွားရောက်၍ သတင်းပို့ခဲ့သည်။ ထို့နောက် မိသားစုဝင်များ သွားရောက်၍ ရုပ်အလောင်းကို နေအိမ်သို့ သယ်ယူခဲ့ကြသည်။ 

ဦးမာမတ်အီနုစ် သေဆုံးခဲ့သည့် နေရာတွင် မိုင်းပေါက်ကွဲသည့် မြေကျင်းနှင့် အစအနများကို တွေ့ရှိခဲ့သည်။ 

သေဆုံးသူ၏ မိသားစုဝင်တစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို တပ်ရင်း ၅၅၁ က ဆင့်ခေါ်၍ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်။ ၎င်းတို့က ဖြစ်စဉ်ကို ၎င်းတို့ တွေ့ရှိခဲ့သည့်အတိုင်း အမှန်အတိုင်း တင်ပြခဲ့သည်။ 

မိုင်းကို မည်သည့်အဖွဲ့က ထောင်ထားခဲ့သည်ကို မသိရှိဟု ဒေသခံများက ဆိုကြသည်။ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်းတွင် အစိုးရတပ်မတော်နှင့် AA တို့ နှစ်ဖွဲ့စလုံး လှုပ်ရှားနေသည့် နေရာဖြစ်သောကြောင့် စစ်သားများ ထိခိုက်အောင် AA က ထောင်ထားသည့် မိုင်းဖြစ်နိုင်သလို၊ AA တပ်ဖွဲ့ဝင်များ ထိခိုက်အောင် စစ်တပ်က ထောင်ထားသည့် မိုင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

အစိုးရတပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြားတွင် အပြစ်မဲ့ ရိုဟင်ဂျာများ ထိခိုက်ဒဏ်ရာ၊ သေဆုံးခြင်းများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ 

ဦးမာမတ်အီနုစ်၏ ရုပ်အလောင်းကို နေ့လည် ၃ နာရီကျော်အချိန်တွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ